ဖိလစ်ပိုင်မှ မြို့တော်ဝန် လူပျိုကြီးက ချစ်သူများနေ့တွင် တစ်ကိုယ်တည်းသမား ဝန်ထမ်းများကို လုပ်ခလစာ အပိုကြေးပေး

ဖိလစ်ပိုင်မှ မြို့တော်ဝန် လူပျိုကြီးက ချစ်သူများနေ့တွင် တစ်ကိုယ်တည်းသမား ဝန်ထမ်းများကို လုပ်ခလစာ အပိုကြေးပေး
ဖေဖော်ဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

ဖိလစ်ပိုင်နိုင်ငံမှ မြို့တော်ဝန် လူပျိုကြီးတစ်ဦးက ချစ်သူများနေ့တွင် တစ်ကိုယ်တည်းသမား ဝန်ထမ်းများကို  လုပ်ခလစာ အပိုကြေးထပ်ဆောင်းပေးကြောင်း သိရသည်။

ကိုယ်တိုင်လည်း တစ်သက်လုံး လူပျိုကြီးဖြစ်နေသူ မြို့တော်ဝန်က တစ်ကိုယ်တည်းသမားများ အလုပ်တွင် အချိန်ပိုပေးမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် တစ်စုံတစ်ဦးက ၎င်းတို့ကို  ဂရုစိုက်ချစ်ခင်ကြောင်း ပြသရန် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် လုပ်ခလစာ အပိုကြေးပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ Quezon ပြည်နယ် General Luna မြို့တော်ခန်းမတွင် အလုပ်လုပ်ကိုင်ကြသည့် တစ်ကိုယ်တည်းသမား ဝန်ထမ်းများအနေဖြင့် (၅) နှစ်ကျော်ကြာ ချစ်သူရည်းစား မရှိဘဲ တစ်ကိုယ်တည်းဖြစ်နေခဲ့ပါက ဖေဖေါ်ဝါရီလ (၁၄) ရက် ချစ်သူများနေ့တွင် ပုံမှန်နေ့စဥ်လုပ်အားခ (၃) ဆ ရရှိကြမည်ဟု မြို့တော်ဝန် မတ်ဖလော်ရီဒိုက AFP သတင်းဌာနကို ပြောခဲ့သည်။

အခြား တစ်ကိုယ်တည်းသမားများနှင့် လူလွတ်ဝန်ထမ်းများမှာ ပုံမှန်နေ့စဥ်လုပ်အားခ (၂) ဆ ရရှိမည် သို့မဟုတ် လစာခံစားခွင့်နှင့် အလုပ်ပိတ်ရက်တစ်ရက် ရရှိကြမည်ဟု ဆိုသည်။ 

"သူတို့ ဒီနေ့ ဘယ်လိုဖြတ်သန်းနေရတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူတို့အတွက် ကျွန်တော် ခံစားရပါတယ်" ဟု အသက် (၄၂) နှစ်အရွယ် မြို့တော်ဝန် လူပျိုကြီးက ပြောသည်။ 

၎င်းမှာလည်း ကာလရှည်ကြာ တစ်ကိုယ်တည်းသမားအဖြစ် နေထိုင်နေခြင်းဖြစ်သည်။

"ချစ်သူများနေ့မှာ ဘယ်သူကမှ သူတို့ကို ချောကလက်တို့ ပန်းစည်းတို့ ပေးကြမှာမဟုတ်ဘူးလေ။ ဒါကြောင့် သူတို့ကို ဒီလိုမျိုး ဆွဲဆောင်မှုပေးဖို့ တွေးမိခဲ့တယ်။ ဒီလိုဆိုတော့ တစ်စုံတစ်ယောက်က သူတို့ကို ဂရုစိုက်တယ် ချစ်ခင်တယ်လို့ သူတို့လည်း ခံစားနိုင်မှာပါ" ဟု မြို့တော်ဝန် ဖလော်ရီဒိုက ပြောသည်။ 

မြို့တော်ဝန် လူပျိုကြီး ဖလော်ရီဒိုက ချစ်သူများနေ့တွင် တစ်ကိုယ်တည်းသမား ဝန်ထမ်းများကို လုပ်ခလစာ အပိုကြေးပေးခြင်းမှာ ယခုနှစ်တွင် တတိယမြောက်နှစ်ဖြစ်သည်။ 

General Luna မြို့တော်ခန်းမ၏ ဝန်ထမ်း (၂၈၉) ဦးအနက်မှ (၃၇) ဦးမှာ တစ်ကိုယ်တည်းသမားဖြစ်ကြောင်း စိစစ်တွေ့ရှိထားသည်ဟု သိရသည်။ 

တစ်ကိုယ်တည်းသမားဖြစ်ကြောင်း ပြောဆိုသည့် ဝန်ထမ်းများကို မည်သည့်အချိန်တွင် နောက်ဆုံး ချစ်သူရည်းစားရှိခဲ့ကြောင်း၊ မည်သည့်အတွက် လမ်းခွဲခဲ့ကြောင်းနှင့် ယခုအချိန်အထိ မည်သည့်အတွက် တစ်ကိုယ်တည်းသမားဖြစ်နေကြောင်းတို့ကို မေးမြန်း၍ စိစစ်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ချစ်သူများနေ့တွင် တစ်ကိုယ်တည်းသမားအဖြစ် လုပ်ခလစာ အပိုကြေးရရှိခဲ့သူများအနက် အသက်အကြီးဆုံးမှာ (၆၄) နှစ်ဖြစ်ကြောင်း သိရသည်။ 

"ကျွန်တော်တို့မြို့က သေးသေးလေးဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အားလုံးက သိနေကြတယ်။ တစ်ခုခုကို ဖုံးကွယ်ထားလို့ မရဘူးလေ" ဟု မြို့တော်ဝန် လူပျိုကြီးက ပြောသည်။ 

တစ်ကိုယ်တည်းသမားများအတွက် ချစ်သူများနေ့တွင် လုပ်ခလစာ အပိုကြေး ဖိလစ်ပိုင်ပီဆို (၂၈,၀၀၀) ကို မြို့တော်ဝန် ဖလော်ရီဒိုက ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

Source: AFP