အစ္စရေးတွင် တရားရုံးများကို ချုပ်ကိုင်ရန်ကြိုးပမ်းလာသည့် နက်တန်ယာဟူ အစိုးရကို ပြည်သူ (၈၀,၀၀၀) ကျော် ဆန္ဒပြ

အစ္စရေးတွင် တရားရုံးများကို ချုပ်ကိုင်ရန်ကြိုးပမ်းလာသည့် နက်တန်ယာဟူ အစိုးရကို ပြည်သူ (၈၀,၀၀၀) ကျော် ဆန္ဒပြ
ဇန်နဝါရီ 16, 2023 | နိုင်ငံတကာသတင်း
By Mr John

 

အစ္စရေးနိုင်ငံတွင် ဝန်ကြီးချုပ်နက်တန်ယာဟူနှင့် ၎င်း၏ အစိုးရက တရားစီရင်ရေးဆိုင်ရာ အပြောင်းအလဲများလုပ်ရန် အဆိုပြုမှုကို ပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့ကြရာ လူဦးရေ သောင်းနှင့်ချီ ပါဝင်ခဲ့ကြသည်။ 

ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့၏ ညပိုင်းက အစ္စရေးမြို့တော် တဲလ်အဗစ်မြို့၏ HaBima ရင်ပြင်နှင့် အနီးအနားရှိ လမ်းမများပေါ် ဆန္ဒပြပွဲတွင် လူ (၈၀,၀၀၀) ကျော် ပါဝင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းသည်။

ထိုအတောအတွင်း ဂျေရုဆလင်တွင်လည်း တစ်ပြိုင်နက်တည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဆန္ဒပြပွဲတွင် ပါဝင်ကြသူများက နက်တန်ယာဟူကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ခိုင်းနှိုင်းထားသည့် စာတန်းများကိုင်ဆောင်ထားကြပြီး အစ္စရေးနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝမရှိသော ဟန်ဂေရီနှင့် လူတစ်ဦးတစ်ယောက်က အာဏာရှင်သဖွယ် စီမံအုပ်ချုပ်နေသည့် အီရန်ကဲ့သို့ ပြောင်းလဲနေခဲ့ကြောင်း ပြောဆိုကြသည်။

အစ္စရေး၏ အနာဂတ်အတွက် စိုးရိမ်ကြောင်း နှင့် အစ္စရေးဒီမိုကရေစီကို ဖျက်ဆီးနေမှုကို ပြည်သူလူထုက လက်ခံမည်မဟုတ်ကြောင်း နက်တန်ယာဟူကို သတင်းစကားပေးရန်အတွက် လမ်းပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက CNN သတင်းဌာနကို ပြောသည်။ 

ဝန်ကြီးချုပ်နက်တန်ယာဟူနှင့် ၎င်း၏အစိုးရက အဆိုပြုထားသည့် တရားစီရင်ရေး အပြောင်းအလဲများမှာ တရားစီရင်ရေးစနစ်ကို အပြင်းအထန် တိုက်ခိုက်မှုဖြစ်ကြောင်း အစ္စရေးတရားရုံးချုပ် ဥက္ကဌ Esther Hayut က ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ဝေဖန်ပြောဆိုခဲ့သည်။

အစ္စရေးတရားရေးဝန်ကြီး Yariv Levin က ကြေညာထားသည့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများတွင် ပြန်လည်သုံးသပ်ရေးကော်မတီမှတစ်ဆင့် တရားရုံးချုပ် အမည်စာရင်းတင်သွင်းမှုကို ပြောင်းလဲရန်နှင့် လွှတ်တော်က တရားရုံးချုပ်၏ စီရင်ဆုံးဖြတ်ချက်များကို ပယ်ဖျက်ခွင့်ရှိရန်တို့ ပါဝင်ကြောင်း သိရသည်။

Source: CNN