အမှန်တကယ် စစ်ပွဲအတွက် ပြင်းပြင်းထန်ထန် စစ်ရေး လေ့ကျင့်ရန် ကင်မ်ဂျုံအန်က မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးထား

အမှန်တကယ် စစ်ပွဲအတွက် ပြင်းပြင်းထန်ထန် စစ်ရေး လေ့ကျင့်ရန် ကင်မ်ဂျုံအန်က မြောက်ကိုရီးယားစစ်တပ်ကို အမိန့်ပေးထား
By Mr John

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က လိုအပ်လာပါက အမှန်တကယ် စစ်ပွဲတစ်ခုကို တားဆီး တုံ့ပြန်ရန် စစ်ရေးလေ့ကျင့်မှုများ ပြင်းပြင်းထန်ထန် အရှိန်မြှင့်လုပ်ဆောင်ရေးကြရန်အတွက် ၎င်း၏ စစ်တပ်ကို အမိန့်ပေးခဲ့ကြောင်း အစိုးရသတင်းဌာနက မတ်လ (၁၀) ရက်နေ့တွင် ပြောသည်။ 

ကင်မ်ဂျုံအန်က ဒုံးကျည်ပစ်လွှတ်မှုများကို သမီးဖြစ်သူနှင့်အတူ ကြည့်ရှုကွပ်ကဲခဲ့ပြီးနောက် ထိုသို့ အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားက မတ်လ (၉) ရက်နေ့တွင် ၎င်း၏အနောက်ဘက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ပြင်အတွင်းသို့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောခဲ့သည်။ 

မြောက်ကိုးရီးယားက ထိုနေရာမှပင် ဒုံးကျည်များ တပြိုင်နက်တည်း ပစ်လွှတ်နိုင်ခြေရှိမှုကိုလည်း ဆန်းစစ်နေကြောင်း တောင်ကိုရီးယားစစ်တပ်က ဆိုသည်။

မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံများအရ အနည်းဆုံး ဒုံးကျည် (၆) စင်းကို တပြိုင်နက်တည်း ပစ်လွှတ်ခဲ့သည်ကို တွေ့ရသည်။ 

တပ်ဖွဲ့တစ်ဖွဲ့က တိုက်ခိုက်ရေးမစ်ရှင်အတွက် လေ့ကျင့်မှုအဖြစ် ပစ်မှတ်ထားသည့် ရေပြင်အတွင်းသို့ အားကောင်းသော ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီး အမှန်တကယ် စစ်ပွဲတစ်ခုကို တုံ့ပြန်နိုင်စွမ်းအား ပြသခဲ့သည်ဟု KCNA က ဆိုသည်။

မဟာဗျူဟာမြောက် မစ်ရှင် (၂) ခု လုပ်ဆောင်ရာတွင် အကြီးကျယ်ဆုံး ပြီးပြည့်စုံမှုရှိရန်အတွက် ဒုံးကျည်တပ်ဖွဲ့ခွဲများ အနေဖြင့် တင်းတင်းကြပ်ကြပ် ပြင်ဆင်ထားကြရန် ကင်မ်ဂျုံအန်က ပြောခဲ့သည်။

 မဟာဗျူမြောက် မစ်ရှင် (၂) ခုတွင် ပထမတစ်ခုမှာ စစ်ပွဲကို တားဆီးရန်ဖြစ်ပြီး ဒုတိယတစ်ခုမှာ စစ်ပွဲတွင် လက်ဦးမှုရယူရန်ဖြစ်ကြောင်းနှင့် အမှန်တကယ် စစ်ပွဲအတွက် စစ်ရေးလေ့ကျင့်မှုမျိုးစုံကို တဖြည်းဖြည်းချင်း အပြင်းအထန် လုပ်ဆောင်ရန် ကင်မ်ဂျုံအန်က အလေးပေး ပြောခဲ့ကြောင်း KCNA က ဖော်ပြသည်။

Source: Reuters

 Photo: KCNA