ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် (၂) လကျော်အတွင်း လူဦးရေ သန်းနှင့်ချီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား

Photo: @MsLisaWilliams/Twitter
Photo: @MsLisaWilliams/Twitter
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် (၂) လကျော်အတွင်း လူဦးရေ သန်းနှင့်ချီ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွား

 

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နောက်ပိုင်း လေထုညစ်ညမ်းမှုကြောင့် ဘန်ကောက်မြို့၌ လူ (၃၁,၀၀၀) ကျော်နှင့် နိုင်ငံတဝန်း လူဦးရေ (၁.၄) သန်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနေခဲ့ကြကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 

ရောဂါထိန်းချုပ်ရေးဌာန၏ လေထုညစ်ညမ်းမှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုများကို ထောက်ခံအတည်ပြုရန် ဝန်ကြီးဌာနက ကျန်းမာရေးဌာနနှင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဒေါက်တာ Pathomporn Siraprapasiri က ဆိုသည်။

အစိုးရဆေးရုံများနှင့် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ Bangkok Megropolitan Administration (BMA) ၏ ဆေးကုသမှုဆိုင်ရာဌာနမှ အချက်အလက်များအရ ဘန်ကောက်မြို့တွင် လူနာ (၃၁,၆၉၅) ဦးနှင့် တစ်နိုင်ငံလုံးတွင် လူနာ (၁,၄၄၉,၇၁၆) ဦးရှိခဲ့ကြောင်းနှင့် ၎င်းတို့မှာ လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ‌‌ ရောဂါလက္ခဏာများ ခံစားခဲ့ကြရကြောင်း သိရသည်။

"သူတို့ထဲက (၂,၂၅၂) ယောက်က အသက်ရှူကျပ်တဲ့ chronic obstructive pulmonary ရောဂါ၊ (၈,၆၉၂) ယောက်က နှင်းခူနာ၊ (၈,၃၀၉) ယောက်က လေဖြတ်ခြင်း၊ (၄,၈၀၀) က မျက်စိနာခြင်း၊ (၁,၇၇၀) က အဆုတ်ရောင်ရောဂါ၊ (၁,၁၀၇) ယောက်က ချောင်းဆိုးရင်ကျပ်၊ (၁,၈၃၀) က အာသီးရောင်ခြင်း၊ (၆၇၀) က နှာခေါင်းပိတ်ခြင်း၊ (၁၂၉) ယောက်က ပန်းနာရင်ကျပ်၊ (၁၁၄) ယောက်က တုပ်ကွေးရောဂါ၊ (၈၉) ယောက်က နှလုံးထဲမှာ သွေးလည်ပတ်မှု လျော့နည်းတာကြောင့် ခံစားရတဲ့ နှလုံးအားနည်းရောဂါနဲ့ (၁,၈၇၇) ယောက်က အဆုတ်ကင်ဆာဖြစ်တာ တွေ့ရတယ်" ဟု ဒေါက်တာ Pathomporn က ပြောသည်။

လေထုအတွင်း PM2.5 အမှုန်အမွှားများ ပါဝင်မှုပမာဏ 75 ug/m3 (microgrammes per cubic metre) အထက် ဖြစ်နေပါက အများပြည်သူအနေဖြင့် နေအိမ်ပြင်ပ သွားလာလှုပ်ရှားမှု ရှောင်ကြဥ်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားသည်ဟု သူမက ဆိုသည်။ 

PM2.5 ပမာဏ 50 ug/m3 ဖြစ်နေချိန်တွင် mask တပ်ထားသင့်ကြောင်းလည်း ဒေါက်တာ Pathomporn က ပြောသည်။

Source: Bangkok Post