ထိုင်းနိုင်ငံတွင် စိုက်ပျိုးမြေဧက (၄)သိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့၍ နလံထူစ  ခရီးသွားလုပ်ငန်းကို အနှောင့်အယှက်ဖြစ် 

ထိုင်းနိုင်ငံတွင် စိုက်ပျိုးမြေဧက (၄)သိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့၍ နလံထူစ  ခရီးသွားလုပ်ငန်းကို အနှောင့်အယှက်ဖြစ် 
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ယခု နှစ်များအတွင်း အဆိုးဆုံး ရေကြီးမှုကို ရင်ဆိုင်နေရပြီး စိုက်ပျိုးမြေများစွာအပေါ်မှာ ရာသီအလိုက် မုန်တိုင်းများနှင့် မြစ်ရေလျှံခြင်းတို့ကြောင့်  စိုက်ပျိုးမြေဧက (၄)သိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုကို ပိုမိုဆိုးရွားစေနိုင်သည့်အတွက် နိုင်ငံအတွင်း ပြန်လည် နလံထူစ ဖြစ်သည့်   ခရီးသွားလုပ်ငန်းကို အနှောင့်အယှက်ဖြစ်စေကြောင်း သိရသည်။ 

ခရီးသွားလာရောက်မှုများပြားသည့် ဘန်ကောက်နှင့် ချင်းမိုင်ကဲ့သို့ နေရာများတွင် တိုင်ဖွန်းမုန်တိုင်းနိုရူ (Typhoon Noru) တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ယခုသီတင်းပတ်အတွင်း လမ်းမများ ရေကြီးပြီး မုန်တိုင်းကြောင့် မိုးသည်းထန်ခဲ့ရာမှ Chao Phraya မြစ်နှင့် Ping မြစ်တို့တွင် ရေမျက်နှာပြင် မြင့်တက်နေသည်။ 

ခန့်မှန်းခြေအားဖြင့် စိုက်ပျိုးမြေဧက အနည်းဆုံး လေးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ထိုင်းနိုင်ငံတဝန်း ခရိုင် (၅၁၀) တွင် နေအိမ်အလုံးပေါင်း (၈၂,၀၀၀) နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။ 

လာမည့် သီတင်းပတ်အနည်းငယ်အတွင်း နောက်ထပ် မုန်တိုင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားရာ ထိုင်းအာဏာပိုင်များက နောက်ထပ် စိုက်ပျိုးမြေများနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုကို အနည်းဆုံးဖြစ်စေရန် လုပ်ဆောင်နေကြသည်။

မကြာသေးမီက ဝန်ကြီးချုပ်အဖြစ် ပြန်လည်တာဝန်ယူခွင့်ရခဲ့သည့် ပရာယွတ်ချန်အိုချာက နိုင်ငံအရှေ့မြောက်ပိုင်းရှိ ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် ပြည်နယ်များသို့ အောက်တိုဘာလ (၄) ရက်နေ့တွင် သွားရောက်ကြည့်ရှုပြီး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ခဲ့သည်ဟု ဆိုသည်။ 

Kasikorn Research Center (KRC) က မိုးလေဝသဌာန၏ အချက်အလက်များကို ကိုးကားဖော်ပြမှုအရ ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ (၁) ရက်နှင့် စက်တင်ဘာလ (၂၅) ရက်အတွင်း ပျမ်းမျှမိုးရေချိန်အထက် (၂၄) ရာခိုင်နှုန်း ပိုမိုရွာသွန်းခဲ့ကြောင်း သိရသည်။

ထိုင်းတွင် ရေကြီးမှုကြောင့် အကြီးမားဆုံး ပျက်စီးဆုံးရှုံးခဲ့သည့် စိုက်ပျိုးမြေများမှာ ဆန်စပါးစိုက်ပျိုးမြေများ ဖြစ်သည်။ 

ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်သည့် အိန္ဒိယနှင့်ပါကစ္စတန်ကဲ့သို့ နိုင်ငံများတွင်လည်း ယခုနှစ်တွင် ရေကြီးမှုကြောင့် ဆန်စပါးအထွက်နှုန်း လျော့ကျမည်ဟု ခန့်မှန်းထားစဥ် ထိုင်းနိုင်ငံတွင်လည်း ဆန်စပါးစိုက်ပျိုးမြေများ ရေနစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

KRC ၏ ခန့်မှန်းချက်အရ ရေကြီးမှုကြောင့် ရိတ်သိမ်းချိန်နီးနေသည့် ဆန်စပါးစိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးခြင်းနှင့် ဓာတ်မြေဩဇာဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ အဓိက ဆန်စပါးအထွက်နှုန်းမှာ (၉) ရာခိုင်နှုန် လျော့ကျနိုင်ကြောင်း သိရသည်။ 

ရာဘာနှင့် သကြားထုတ်လုပ်မှုတွင်လည်း အဓိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းမှာ ရာသီဥတုဖောက်ပြန်မှုကို အခံရနိုင်ဆုံး နိုင်ငံများတွင်လည်း ပါဝင်နေသည်။ 

ထိုင်းနိုင်ငံတွင် ၂၀၁၉၊ ၂၀၁၇ နှင့် ၂၀၁၁ ခုနှစ်များတွင်လည်း ရေကြီးမှုများ ကြုံခဲ့ရသော်လည်း အချို့နေရာဒေသများ၌မူ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပြင်းထန်သည့် မိုးခေါင်မှု ဖြစ်ပေါ်ခဲ့သည်။

Source: Bangkok Post

https://www.bangkokpost.com/business/2406923/worst-thai-flood-in-years-d...