မယ်ဆိုင်မြို့နယ်အတွင်း ပစ်ခတ်ဖမ်းဆီးမှု အပါအဝင် ထိုင်းမြောက်ပိုင်းတွင် လဆန်းပိုင်းအတွင်း မြန်မာဘက်က မူးယစ်ဆေးသယ်လာသူ (၁၁)ဦးကို အသေဖမ်းမိ

မယ်ဆိုင်မြို့နယ်အတွင်း ပစ်ခတ်ဖမ်းဆီးမှု အပါအဝင် ထိုင်းမြောက်ပိုင်းတွင် လဆန်းပိုင်းအတွင်း မြန်မာဘက်က မူးယစ်ဆေးသယ်လာသူ (၁၁)ဦးကို အသေဖမ်းမိ
ဇန်နဝါရီ 15, 2023 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နယ်အတွင်း ပစ်ခတ်ဖမ်းဆီးမှုအပါအဝင် မြန်မာနှင့်နယ်စပ် ထိုင်းမြောက်ပိုင်းတွင် ယခုလဆန်းပိုင်းအတွင်း ထိုင်းစစ်တပ်က မူးယစ်ဆေးသယ်အဖွဲ့နှင့် ပစ်ခတ်မှု (၂)ကြိမ်အတွင်း၌ စုစုပေါင်း (၁၁)ဦးကို  အသေဖမ်းမိခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်ဧရိယာအတွင်း ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက် အစောပိုင်းတွင် ထိုင်းစစ်တပ်က နယ်စပ်ကင်းလှည့်စဉ် မူးယစ်ဆေးသယ်သူ (၈)ဦးအဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျောပိုးအိတ်များဖြင့် သယ်လာသည့် လူ (၈)ဦးအဖွဲ့ကို ထိုင်းစစ်တပ်က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် စတင်ပစ်ခတ်သဖြင့် အပြန်အလှန်ပစ်ခတ်မှု (၅)မိနစ်ဝန်းကျင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်နေရာနှင့် အနီးတဝိုက်အား စစ်ဆေးရာ သေဆုံးနေသည့် အမျိုးသား (၅)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား (မက်သာအက်ဖီတမင်း)အပြားရေ (၁)သိန်းစီ ပါဝင်သည့် ကျောပိုးအိတ် (၅)လုံးနှင့်အတူ တွေ့ရကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးသယ်သည့် အဖွဲ့သည် မယ်ဆိုင်တစ်ဖက်ကမ်းရှိ မြန်မာဘက် တာချီလိတ်မြို့ကနေ  လာခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်က ထုတ်ဖေါ်ပြောကြားသည်။

မြန်မာနှင့်နယ်စပ် ထိုင်းမြောက်ပိုင်း ချင်းမိုင်ဧရိယာတွင် ယခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ နံနက်အစောပိုင်းကလည်း မူးယစ်ဆေးသယ်သည့် ကျောပိုးအိတ်အဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့ ပစ်ခတ်မှုအတွင်း မူးယစ်ဆေးသယ်သူ (၆)ဦးသေပြီး ကတ်တမင်း မူးယစ်ဆေးဝါး (၃၀၀) ကီလိုဂရမ်ကို ဖမ်းမိကြောင်း သိရသည်။

 

အလားတူ မဲခေါင်မြစ်ကြောင်းမှ သယ်လာသည့် အိုက်စ်မူးယစ်ဆေး (၃၀၀) ကီလိုဂရမ်ကိုလည်း ဇန်နဝါရီလ (၁၄)ရက်နေ့က ဖမ်းမိထားသည်ဟု သိရသည်။

မူးယစ်ဆေးသယ်သည့်လမ်းကြောင်းများကို သတင်းရရှိ ဖမ်းဆီးခြင်းများ လုပ်နေသော်လည်း တရားခံများကို အရှင်ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူက ဆိုသည်။

 

Source: Bangkok Post

Photo: MAESAIPRESS