အိန္ဒိယတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကို သွားရောက်တိုင်ကြားသည့် မိန်းကလေးအား ရဲအရာရှိက အဓမ္မပြုကျင့်

အိန္ဒိယတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကို သွားရောက်တိုင်ကြားသည့် မိန်းကလေးအား ရဲအရာရှိက အဓမ္မပြုကျင့်
By Mr John

 အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်တွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားရန် သွားရောက်ခဲ့သည့် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုသည့် ရဲအရာရှိကို ထွက်ပြေးနေရာမှ ဖမ်းဆီးရမိခဲ့ပြီဟု NDTV က ဖော်ပြသည်။

အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည့် ရဲစခန်းတွင် တာဝန်ကျသည့် ရဲအရာရှိ အားလုံးကိုလည်း တာဝန်မှဖယ်ရှားလိုက်ကြောင်း သိရသည်။



ပြီးခဲ့သည့်လအတွင်း အမျိုးသားလေးဦးက သူမကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြောင်း မိန်းကလေးငယ်က စွပ်စွဲထားသည့် သတင်းကြောင့် အိန္ဒိယတွင် ဒေါသ တကြီးဖြစ်ခဲ့ကြပြီး ဆိုရှယ်မီဒီယာပေါ်တွင် လူအများအပြားက ဒေါသထွက်ကြောင်း ပြောဆိုနေခဲ့ကြသည်။

ရဲစခန်းသို့ တိုင်ကြားချက်တွင် အမျိုးသားလေးဦးက ၎င်း၏သမီးကို အိမ်နီးချင်း မက်ဒ်ရာပရာဒက်ရှ်ပြည်နယ်သို့ ခေါ်ဆောင်သွားခဲ့ပြီး သူမကို လေးရက်ကြာ လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ကြောင်း ဖခင်ဖြစ်သူက စွပ်စွဲထားသည်။



ထို့နောက် အဆိုပါ အမျိုးသားတွေက သူမကို အူတာပရာပရာဒက်ရှ်ပြည်နယ် Lalitpur ခရိုင်ရှိ သူမ၏ရွာသို့ ပြန်ပို့ခဲ့ပြီး ထွက်ပြေးသွားကြသည်ဟု ဆိုသည်။

ရွာသို့ပြန်ရောက်ပြီး နောက်တစ်ရက်တွင် မိန်းကလေးငယ်က အဒေါ်ဖြစ်သူနှင့်အတူ ဒေသခံရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရန် သွားရောက်ခဲ့စဥ် တာဝန်ကျ ရဲအရာရှိ Tilakdhari Saroj က သူမကို အဓမ္မပြုကျင့်ခဲ့ကြောင်း အိန္ဒိယသတင်းဌာန NDTV က ဖော်ပြသည်။



ထိုမိန်းကလေးငယ်ကို Childline ပရဟိတအဖွဲ့က ၎င်း၏ရုံးခန်းသို့ ခေါ်ဆောင်လာပြီး မည်သို့ဖြစ်ခဲ့ကြောင်း ပြောခဲ့သည်ဟု Lalitpur ခရိုင် ရဲတပ်ဖွဲ့မှူး Nikhil Pathak က ပြောသည်။

"ကျနော့်ကို အကြောင်းကြားလာချိန်မှာ သေချာပေါက် အမှုဖွင့်ထားပါတယ်" ဟု ၎င်းကဆိုသည်။

ယခုဖြစ်ရပ်သတင်းက အိန္ဒိယ၏ လူဦးရေ အထူထပ်ဆုံးပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်မှု အများအပြားနှင့်အတူ ဒေါသထွက်စရာ ဖြစ်ခဲ့သည်။



၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ဒေလီမြို့တော်အတွင်း ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသမီးငယ်တစ်ဦး ရက်စက်စွာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရသည့် ဖြစ်ရပ်နောက်ပိုင်း အိန္ဒိယတွင် အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်းနှင့် ပြစ်မှုကျူးလွန်ခြင်းတို့အပေါ် အာရုံစိုက်လာခဲ့သည်။

ထိုအမျိုးသမီးငယ်မှာ တိုက်ခိုက်ခံရစဥ် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။



ထိုဖြစ်ရပ်က ကမ္ဘာတဝန်း ခေါင်းစီးသတင်းဖြစ်ခဲ့ပြီး ဒေလီမြို့တွင် လူအမြောက်အမြား ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် အိန္ဒိယအစိုးရက လိင်ပိုင်းဆိုင်ရာ ပြစ်မှုများအတွက် ပြင်းထန်သည့် ဥပဒေသစ်များ ပြဌာန်းလာခဲ့သည်။

ဒေလီမြို့ဖြစ်ရပ်မှ တရားခံ အမျိုးသားလေးဦးကို ၂၀၂၀ ခုနှစ်အတွင်း ကွပ်မျက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ ပိုမိုအလေးအနက်ထားပြီး ကိုင်တွယ်ဆောင်ရွက်လာသော်လည်း ထောင်နှင့်ချီသည့် အဓမ္မပြုကျင့်မှုများ နှစ်စဥ် ဖြစ်ပွားနေဆဲ ဖြစ်သည်။



၂၀၂၀ ခုနှစ် စာရင်းအချက်အလက်များအရ အိန္ဒိယတွင် အမျိုးသမီးနှင့် မိန်းကလေး ၂၈,၃၇၉ ဦး အဓမ္မပြုကျင့်ခံခဲ့ကြရပြီး ပျမ်းမျှအားဖြင့် (၁၈) မိနစ်တွင် အဓမ္မပြုကျင့်မှုတစ်ခု ဖြစ်ပွားနေသည်။

အိန္ဒိယတဝန်း အထူးသဖြင့် အူတာပရာဒက်ရှ်ပြည်နယ်တွင် အမျိုးသမီးများကို ပြစ်မှုကျူးလွန်မှုနှင့် ပတ်သက်၍ အာဏာပိုင်တွေက ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ဝေဖန်မှုများလည်း ရှိနေသည်။



Source: NDTV, BBC