ထိုင်ဝမ်သမ္မတနှင့် မတွေ့ဆုံရန် တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌကို သတိပေး

တရုတ်သမ္မတ၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နှင့် ထိုင်ဝမ် သမ္မတို့၏ ပုံ [ Photo: nbcnews ]
တရုတ်သမ္မတ၊ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နှင့် ထိုင်ဝမ် သမ္မတို့၏ ပုံ [ Photo: nbcnews ]
ထိုင်ဝမ်သမ္မတနှင့် မတွေ့ဆုံရန် တရုတ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌကို သတိပေး
By Mr John

တရုတ်နိုင်ငံက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းဖြင့် ဆိုးဝါးသော အတိတ်ကာလမှ အမှားမျိုး ထပ်မလုပ်ရန် ၂၀၂၃ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် သတိပေးခဲ့ပြီး ထိုသို့တွေ့ဆုံခြင်းက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အကူအညီ ဖြစ်စေလိမ့်မည်မဟုတ်ဘဲ ဘုံရန်သူကို ဆန့်ကျင်ရန် တရုတ်ပြည်သူများ ပိုမိုစည်းလုံးသွားမည်သာဖြစ်သည်ဟု ပြောသည်။

သမ္မတနှင့် ဒုတိယသမ္မတပြီးလျှင် တတိယ အဆင့်အမြင့်ဆုံး အမေရိကန်ခေါင်းဆောင်ဖြစ်သူ လွှတ်တော်ဥက္ကဌ မက္ကာသီက   ကယ်လီဖိုးနီးယားပြည်နယ်၌  ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

 

ဆိုင်အင်ဝမ်က သူမ၏ ပြည်ပခရီးစဥ်အတွင်း အမေရိကန်နိုင်ငံကို ဝင်ရောက်စဥ် လွှတ်တော်ဥက္ကဌ မက္ကာသီနှင့် တွေ့ဆုံမည်ဟု ခရီးစဥ်မတိုင်မီကတည်းက သတင်းထွက်ပေါ်နေပြီး တရုတ်က ထိုသို့ တွေ့ဆုံမှုရှိလာပါက လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်ထားသည်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကမူ ပြည်ပဖိအားပေးမှုက ထိုင်ဝမ်နှင့် ကမ္ဘာကြီး ထိတွေ့ဆက်ဆံမှုကို ရပ်တန့်စေလိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံသို့ မထွက်ခွာမီ မတ်လ (၂၉) ရက်နေ့တွင် ပြောကြားခဲ့သည်။ 

ဆိုင်အင်ဝမ်က သူမနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီတို့ တွေ့ဆုံခဲ့ပါက လက်တုံ့ပြန်မည်ဟု တရုတ်၏ ခြိမ်းခြောက်မှုကို အာခံခြင်းအဖြစ် ထိုသို့ မှတ်ချက်ပြုပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဒီမိုကရေစီစနစ် ကျင့်သုံးအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ပြောဆိုထားပြီး အမေရိကန်အစိုးရအရာရှိများကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးနေခဲ့သည်။

 သမ္မတဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းမှာ ထိုင်ဝမ်ကျွန်း၏ သီးခြားလွတ်လပ်သော နိုင်ငံတစ်နိုင်ငံဖြစ်လိုသည့် ဆန္ဒကို အားပေးထောက်ခံခြင်းဖြစ်ကြောင်း တရုတ်က ရှုမြင်ထားသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဌဖြစ်သူ နန်စီပယ်လိုစီ ထိုင်ဝမ်ကို လာရောက်ခဲ့ပြီးနောက် တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး တုံ့ပြန်ခဲ့သည်။ 

မက္ကာသီနှင့် ဆိုင်အင်ဝမ်တို့ တွေ့ဆုံမည့် အစီအစဥ်နှင့် ပတ်သက်၍ ပုံမှန်မဟုတ်သည့် တရုတ်လှုပ်ရှားမှုများရှိကြောင်း ထိုင်ဝမ်ဘက်က ထုတ်ဖော်ပြောခြင်းမရှိသော်လည်း တရုတ်စစ်တပ်က ထိုင်ဝမ်းကျွန်းပတ်လည်တွင် ဆက်လက် လှုပ်ရှားနေသည်ဟု သိရသည်။

Source: Reuters