ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦး ကိုဗစ် ကာကွယ်ဆေးထိုးပြီး နှစ်ရက်အကြာတွင် သေဆုံး

ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦး ကိုဗစ် ကာကွယ်ဆေးထိုးပြီး နှစ်ရက်အကြာတွင် သေဆုံး

 

COVID 19 ကာကွယ်ဆေးထိုးနှံပေးနေသည့် ထိုင်းနိုင်ငံတွင် အမျိုးသားတစ်ဦး ကာကွယ်ဆေးထိုးနှံပြီး (၂) ရက်အကြာတွင် သေဆုံးသွားသဖြင့် သေဆုံးရခြင်းအကြောင်းရင်းကို စစ်ဆေးပေးရန် မိသားစုက တောင်းဆိုထားသည်။

ပသူဌာနီဆေးရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက် (၅၁)နှစ်အရွယ် အမျိုးသားသည် မေလ (၁) ရက်နေ့က ကာကွယ်ဆေးထိုးခဲ့ပြီးနောက် နှစ်ရက်အကြာတွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နှလုံးရောဂါကြောင့် ရုတ်တရက်သေဆုံးသည်ဟု သေဆုံးရခြင်းအကြောင်းရင်းကို ဖေါ်ပြထားသော်လည်း ကာကွယ်ဆေးကြောင့် သေဆုံးရခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးပေးရန် မိသားစုက လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ဘန်ကောက်ရှိဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးရခြင်းအကြောင်းရင်းမှာ ကာကွယ်ဆေးနှင့် ဆက်စပ်မှုရှိ/မရှိကို စစ်ဆေးပေးရန် မိသားစုက တောင်းဆိုထားကြောင်း သိရသည်။ ကာကွယ်ဆေးကြောင့် သေဆုံးရခြင်းဖြစ်ပါက အစိုးရအနေဖြင့် လျော်ကြေးပေးရမည်ဟု သေဆုံးသူ၏ သားဖြစ်သူက ပြောကြားထားသည်။

သေဆုံးရခြင်းအကြောင်းရင်း စစ်ဆေးထားသည့်ရလဒ်ကို မကြာမီ ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် မတ်လ (၃) ရက်နေ့က ကာကွယ်ဆေးထိုးနှံခဲ့သည့် အသက် (၆၀)အရွယ် အမျိုးသားတစ်ဦး (၁၃) ရက်အကြာတွင် သေဆုံးမှုခဲ့ကာ ဧပြီလ (၂၁) ရက်နေ့ကလည်း စမုစခွန်တွင် ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခဲ့သည့် အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး (၂) ရက်အကြာတွင် သေဆုံးခဲ့ရပြီး သေဆုံးမှုများမှာ ကာကွယ်ဆေးကြောင့်မဟုတ်ကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အသက် (၆၀)အရွယ် အမျိုးသားလူနာကို မည်သည့်ကာကွယ်ဆေးအမျိုးအစားထိုးနှံသည်ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း Sinovac ကာကွယ်ဆေးကို အသက် (၆၀) အထက်များကို မထိုးနှံရန် ဆရာဝန်များက အကြံပြုထားပြီး ထိုင်းဝန်ကြီးချုပ်ကိုလည်း အသက်အရွယ်အရ AstraZeneca ကာကွယ်ဆေးကို ထိုးနှံပေးထားခြင်းဖြစ်သည်။

ဧပြီလအတွင်းက သေဆုံးခဲ့သည့် အမျိုးသမီးမှာ Sinovac ကာကွယ်ဆေးကိုထိုးနှံခဲ့ခြင်းဖြစ်ပြီး လတ်တလော စစ်ဆေးနေသည့် အမျိုးသားကို မည်သည့်အမျိုးအစားထိုးနှံပေးသည်ကို ထုတ်ပြန်ထားခြင်းမရှိသော်လည်း ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံမှ Sinovac ကာကွယ်ဆေးများကို အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency

Source:  BangkokPost