လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာလ နေရပ်ပြန်ခွင့်ပိတ်ထားစဉ်ကာလအတွင်း ရွာတွင်းမှ နှင်ထုတ်ခံရမှုများ ကြုံနေရ

လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာလ နေရပ်ပြန်ခွင့်ပိတ်ထားစဉ်ကာလအတွင်း ရွာတွင်းမှ နှင်ထုတ်ခံရမှုများ ကြုံနေရ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာလ နေရပ်ပြန်ခွင့်ပိတ်ထားစဉ်ကာလအတွင်း ရွာတွင်းမှ  နှင်ထုတ်ခံရမှုများ ကြုံနေရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် နယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ၊ ဘိုကျောက်ခရိုင်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် သွားရောက် အလုပ် လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ COVID 19 ကာလအတွင်း မြန်မာဘက်သို့ နေရပ်ပြန်ခွင့်မရဘဲ ဖြစ်နေချိန်တွင် ရွာပြင်နှင်ထုတ်ခံရခြင်းများပါကြုံနေရ၍ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။
"အခုက ကိုဗစ်နဲ့ဆိုတော့ ပြန်မယ်ဆိုတော့လည်း ပြန်လို့မရဘူး။ ဒီမှာနေတော့လည်း အခက်အခဲမျိုးစုံဖြစ်နေတယ်။ အခွန်လည်းကောက်တယ်။ ဟိုနေ့ကလည်း ရွာထဲကတစ်ယောက်ကို ရွာပြင်ထုတ်တယ်။ ကုမ္ပဏီက ခန့်ပေးတဲ့ ရွာတာဝန်ခံက လုပ်သမျှကို ခံနေရတယ်။ လေးနိုင်ငံရုံးမှာတိုင်ဆိုရင်လည်း သူတို့ကပဲ ဘာသာစကားတတ်တော့ တိုင်တဲ့သူပဲ တရားခံပြန်ဖြစ်ရတယ်။ လာအိုရဲကို တိုင်တာတွေကလည်း ဘာမှမလုပ်ပေးလာဘူး။ ဒီဘက်မှာနေတဲ့ မြန်မာတွေက ဘယ်သူ့အကူအညီတောင်းရမှန်းမသိဘူး။ အခက်အခဲကတော့ အတော်လေးဖြစ်နေကြပါတယ်။ မြန်မာဘက်က လူကြီးတွေ ပြန်ခေါ်လို့ရရင်လည်း ခေါ်ပေးကြပါ"ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့က ပြောသည်။ပြောသည်။
ဘိုကျောက်ခရိုင် အထူးစီးပွားရေးဇုန်တွင် သွားရောက် အလုပ် လုပ်ကိုင်ကြသည့် မြန်မာအများစုနေထိုင်ရာ မြန်မာရွာ (ခ) ရခိုင်ရွာကို စီမံခန့်ခွဲရေးအတွက် အဆိုပါစီးပွားရေးဇုန်အား လုပ်ကိုင်ခွင့်ရကုမ္ပဏီက တာဝန်ခံ ခန့်ထား၍ စီမံခန့်ခွဲပေးနေခြင်းဖြစ်ရာ နိုဝင်ဘာလ (၂၉)ရက်နေ့က မြန်မာရွာအတွင်း ကထိန်ခင်းရာမှ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရွာတွင်းနေထိုင်သူ (၁)ဦးကို နှင်ထုတ်လိုက်ကြောင်း သိရသည်။
"ပြီးခဲ့တဲ့လ (၂၉)ရက်နေ့က ကထိန်အလှူလုပ်ကြတော့ ကုမ္ပဏီဘက်က တာဝန်ခံ နိုင်လင်းရဲ့ညီက အလှူလှည့်တဲ့အထဲက ကလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့ ဝင်ချိတ်မိတယ်။ အဲဒီမှာ အချင်းချင်းရန်ဖြစ်ကြတာမှာ ဟိုဘက်က နိုင်လင်းတို့ပါရောက်လာပြီး ရန်ဖြစ်ကြတာပေါ့။ အဲဒါ လေးနိုင်ငံရုံးကို ရောက်သွားတော့ ကျေအေးပေးလိုက်တယ်တဲ့။ အဲဒီရုံးကလည်း ပြန်လာရော ဒီရခိုင်ရွာဘက်က ကိုဌေးမင်းသိန်းကို ရွာထဲကို ပေးမဝင်တော့ဘဲ ရွာပြင်ထားခဲ့တယ်။ ရွာထဲဝင်ခွင့် မရတော့ဘူးလို့ ပြောတယ်။ သူတို့အဲဒီလိုလုပ်တာ အခုကာလမှာကို သုံးလေးယောက်လောက်ရှိပြီ။ ဒီမှာ မြန်မာရွာမှာနေတဲ့သူတွေက တစ်ခုခုဖြစ်ပြီဆိုရင် ဘယ်သူ့တိုင်ရမှန်းမသိဘူး။ "ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID 19 ကာလအတွင်း ရွှေတြိဂံဒေသကုမ္ပဏီက ရခိုင်ရွာအတွင်း လူစုလူဝေးဖြင့် ဆန္ဒပြခြင်း၊ တောင်းဆိုတာ (၃)ကြိမ်အထိလုပ်ခြင်း၊ မူးယစ်ဆေးရောင်းဝယ်၊ သုံးစွဲသူများကို ကျေးရွာအတွင်း နေထိုင်ခွင့်မပေးဘဲ နှင်ထုတ်မည်ဟု မတ်လအတွင်းက စတင်ကြေညာထားသည်ဟု ကာစီနိုအလုပ်သမားရုံးမှ မြန်မာရွာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုနိုင်လင်းက ပြောသည်။
"ကိုဗစ်ကာလအတွင်းမှာ နှင်ထုတ်လိုက်တာက (၃) ယောက်ရှိပြီ။ သူတို့ ရွာထဲပြန်နေခွင့် မရတော့ဘူး။ ဒါက ကုမ္ပဏီက ဆုံးဖြတ်တာ။ ကျွန်တော် တစ်ယောက်ထဲ ဆုံးဖြတ်တာမဟုတ်ဘူး။ ဒီဘက်ကို အုပ်ချုပ်တာက လာအို မဟုတ်ဘူး။ တရုတ်ရဲနဲ့ စစ်သားနဲ့ ကုမ္ပဏီက အုပ်ချုပ်တာ။ ကျွန်တော်စည်းကမ်းထိန်းသိမ်းတာကို မကြိုက်ဘူးဆိုတာ မြန်မာရွာဘက်က လူပေါင်း တစ်သောင်းလောက်ရှိရင် လူပေါင်း (၂၀၀)လောက်ပဲရှိမယ်။ သူတို့ မကျေနပ်တာက သူတို့အရင်က စီးပွားရေးလုပ်နေသလိုတွေ လုပ်လို့မရတော့လို့ ကျွန်တော့်ကို မကြိုက်တာ။ အခုဆိုရင် လူတိုင်းက တပြေးညီ အခွင့်အရေးပေးတာ။ အခုဆို နေအိမ်အခန်းငှား ငှားစားတဲ့သူ မရှိတော့ဘူး။ လူတိုင်း မရှိလို့ လာလုပ်ကိုင်စားတာ လူတိုင်းမြေနေရာမှာ အိမ်ဆောက်နေလို့ရတယ်"ဟု လာအိုနိုင်ငံအတွင်း ကာစီနိုလုပ်ပိုင်ခွင့်ရကုမ္ပဏီမှ မြန်မာရွာစည်းကမ်းထိန်းသိမ်းရေးအတွက် ခန့်ထားခြင်းခံရသူ ကိုနိုင်လင်းက ဒီဇင်ဘာလ(၁)ရက်နေ့တွင် ပြောသည်။
တာချီလိတ်ဘက်မှ ဝမ်ပုံဆိပ်ကမ်းမှာ နိုင်ငံတကာဝင်ထွက်ပေါက်မဟုတ်သဖြင့် လာအိုဘက်သို့ တရားဝင်လုပ်သားများ သွားရောက်ခွင့်မရသော်လည်း သွားလာနေထိုင်သူများရှိနေကြရာ ယခင်ကလည်း တာချီလိတ်ခရိုင်ဘက်မှ တာဝန်ရှိသူများက အလွတ်သဘောဖြင့် သွားရောက်ညှိနှိုင်းဖြေရှင်းပေးရခြင်းများ ရှိခဲ့ဖူးသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~