တရုတ်နိုင်ငံအတွင်း တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလတွင် ကျေးလက်ဒေသများအထိ Covid-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နိုင်

တရုတ်နိုင်ငံအတွင်း တရုတ်နှစ်သစ်ကူး အားလပ်ရက် ကာလတွင် ကျေးလက်ဒေသများအထိ Covid-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နိုင်
ဇန်နဝါရီ 14, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုလှိုင်း အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းမှာ (၂) လမှ (၃) လကြာမြင့်မည်ဟု ခန့်မှန်းထားပြီး ဆေးကုသမှုအရင်းအမြစ် ရှားပါးသည့် ကျေးလက်ဒေသများသို့ မကြာမီ ပျံ့နှံ့သွားမည်ဟု တရုတ်ကူးစက်ရောဂါဆိုင်ရာ ပညာရှင်က ပြောသည်။ 

၂၀၂၃ခုနှစ် ဇန်နဝါရီလ (၂၁) ရက်တွင် စတင်မည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်များတွင် လူဦးရေ သန်းနှင့်ချီ၍ ၎င်းတို့၏ ဇာတိမြို့များသို့ ခရီးသွားမှုကြောင့် ကျေးလက်ဒေသများတွင် ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။

တရုတ်အစိုးရက COVID စည်းမျဥ်းကန့်သတ်ချက်များကို ရုတ်ချည်း ပယ်ဖျက်လိုက်ခြင်းကြောင့် နိုင်ငံ၏ လူဦးရေ (၁.၄) ဘီလီယံကို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခဲ့ပြီး လူဦးရေ၏ သုံးပုံတစ်ပုံကျော်မှာ ကူးစက်မှုလှိုင်း အထွတ်အထိပ်ရောက်နေပြီးသည့် နေရာဒေသများတွင် နေထိုင်ကြကြောင်း အစိုးရမီဒီယာက ဖော်ပြသည်။ 

သို့သော် တရုတ်၏ လက်ရှိ COVID-19 ကူးစက်မှုလှိုင်း၏ အဆိုးဆုံးအခြေအနေမှာ မပြီးဆုံးသေးကြောင်း Chinese Center for Disease Control and Prevention မှ ကူးစက်ရောဂါပညာရှင်ဟောင်း Zeng Guang က သတိပေးခဲ့ကြောင်း တရုတ်ပြည်တွင်းမီဒီယာ Caixin က ဇန်နဝါရီလ (၁၂) ရက်တွင် ဖော်ပြသည်။

"ကျွန်တော်တို့ မြို့ကြီးတွေကို ဦးစားပေး အာရုံစိုက်ခဲ့ကြတယ်။ အခုအချိန်မှာတော့ ကျေးလက်ဒေသတွေကို အာရုံစိုက်ရမှာပါ" ဟု Zeng က ပြောသည်။ 

ဆေးရုံ၊ ဆေးခန်းများ နည်းပါးသည့် ကျေးလက်ဒေသများတွင် နေထိုင်ကြသော သက်ကြီးရွယ်အိုများ၊ မကျန်းမာသူများနှင့် မသန်စွမ်းသူများ အပါအဝင် လူပေါင်းများစွာမှာ အာရုံစိုက်မခံရဘဲ ကျန်နေခဲ့သည်ဟု ၎င်းကဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ကလည်း တရုတ်နိုင်ငံတွင် နှစ်သစ်ကူးအားလပ်ရက် ခရီးသွားလာရာမှ ကူးစက်မှုအန္တရာယ် ယခု သီတင်းပတ်အတွင်း သတိပေးထားသည်။ 

တရုတ်အစိုးရက နိုင်ငံအတွင်း COVID ကူးစက်မှုအခြေအနေ ပြင်းထန်ဆိုးရွားမှုကို လျှော့ပေါ့ထုတ်ပြန်နေကြောင်းလည်း WHO ပြောကြားခဲ့ပြီး တစ်ဟုန်ထိုး ကူးစက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုမျှဝေရန် တိုက်တွန်းထားသည်။

Source: Reuters