ထိုင်းနိုင်ငံက ဇန်နဝါရီလ (၁) ရက်နေ့မှစပြီး ဆေးကုသခွင့် ဗီဇာအသစ် မိတ်ဆက်ရန် စီစဥ်

ထိုင်းနိုင်ငံက ဇန်နဝါရီလ (၁) ရက်နေ့မှစပြီး ဆေးကုသခွင့် ဗီဇာအသစ် မိတ်ဆက်ရန် စီစဥ်
နိုဝင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံက ဇန်နဝါရီလ (၁) ရက်နေ့မှစပြီး ဆေးကုသခွင့် ဗီဇာအသစ် မိတ်ဆက်ရန် စီစဥ်

ထိုင်းနိုင်ငံက ဆေးကုသခွင့် ဗီဇာအသစ်တစ်မျိုးကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် မိတ်ဆက်သွားရန် စီစဥ်ထားပြီး ဒေသတွင်း ဆေးကုသမှုဆိုင်ရာ အချက်အချာနေရာအဖြစ် ၎င်း၏ ရပ်တည်မှုကို ခိုင်မာစေရန် ကြိုးပမ်းလာသည်။ 

အစိုးရအဖွဲ့ လက်ထောက်ပြောခွင့်ရအမျိုးသမီး Tipanan Sirichana က နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ပြောကြားမှုအရ ဗီဇာအသစ်ကို လာမည့်နှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် အစမ်းသဘော စတင်ဆောင်ရွက်သွားရန် စီစဥ်ထားကြောင်း သိရသည်။

ဆေးကုသခွင့် ဗီဇာအသစ် စတင်ခွင့်ပြုရန် သက်ဆိုင်ရာ အစိုးရဌာနများက အသင့်ဖြစ်နေပြီဟုလည်း ၎င်းကဆိုသည်။ 

ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဆေးကုသခွင့် ဗီဇာလျှောက်ထားသူများ ပေးဆောင်ရသည့် ငွေပမာဏကို ဘတ် (၆,၀၀၀) မှ ဘတ် (၅,၀၀၀) သို့ လျှော့ချပေးရန် အဆိုပြုမှုကို အစိုးရအဖွဲ့က နိုဝင်ဘာလ (၁၅) ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဆေးကုသခွင့် ဗီဇာအသစ်မှာ နိုင်ငံကို တစ်ကြိမ်မက အဝင်အထွက် လုပ်ခွင့်ပြုထားပြီး ဗီဇာသက်တမ်းမှာ (၁) နှစ်ဖြစ်သည်။ 

ထိုဗီဇာ ကိုင်ဆောင်သူများမှာ ထိုင်းနိုင်ငံတွင် ရက် (၉၀) ကြာ နေထိုင်နိုင်မည်ဖြစ်ပြီး မိသားစုဝင် (၃) ဦးလည်း လိုက်ပါနေနိုင်မည်ဟု ဆိုသည်။ 

ဆေးကုသခွင့် ဗီဇာအသစ် လျှောက်ထားသည့် ခရီးသွားများမှာ ထိုင်းနိုင်ငံရှိ ဆေးရုံများက ကုသပေးနိုင်ပြီး ရက် (၉၀) ကျော် ဆေးကုသမှုခံယူရန် လိုအပ်သည့် ကျန်းမာရေးချို့ယွင်းချက်ရှိသူများ ဖြစ်ရမည်ဟု Tipanan Sirichana က ပြောသည်။

၎င်းတို့တွင် နုပျိုစေရန်နှင့် အသားအရည်ပြုပြင်မှုဆိုင်ရာ ကုသမှု၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ ကင်ဆာ၊ သွားဘက်ဆိုင်ရာနှင့် အလှအပအတွက် ခွဲစိတ်မှုတို့ ပါဝင်ကြောင်း သိရသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံက ဆေးကုသမှုခံယူရန် လာရောက်ကြသည့် ခရီးသွားများကို ၎င်းတို့အနေဖြင့် ခရီးသွားဗီဇာ သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူမဟုတ်သည့်ဗီဇာ လျှောက်ထားလာပါက ခွင့်ပြုပေးသည်။

ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင် (၆) နိုင်ငံ (ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗီးယားနှင့် အာရပ်စော်ဘွားများပြည်ထောင်စု)၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံများမှ ခရီးသွားများအတွက်မူ ဗီဇာကင်းလွတ်ခွင့်ရှိသည်ဟု ဆိုသည်။ 

အားလုံးမှာ တစ်ကြိမ် အဝင်အတွက်သာဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ၏ ဆေးကုသခွင့် ဗီဇာအသစ်အတွက် အခြား လိုအပ်ချက်များမှာ -

  • - နောက်ထပ် ဆေးကုသမှုခံယူရန် လိုအပ်သည့် လူနာများမှာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံ ရက် (၉၀) ပြည့်တိုင်း သတင်းပို့ရမည်။
  • - ဆေးကုသခွင့် ဗီဇာအသစ် လျှောက်ထားသူများမှာ ထိုင်းနိုင်ငံတွင် နေထိုင်စဥ်အတွင်း ကုန်ကျစရိတ်များအတွက် အနည်းဆုံး ဘတ် (၈၀၀,၀၀၀) ရှိရမည်။
  • - အနည်းဆုံး ဘတ် (၃) သန်း (အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀) ရှိသော မတော်တဆမှုနှင့် COVID-19 အာမခံ လိုအပ်သည်။

Source: Bangkok Post