နိုင်ငံတကာ၏ ဖယ်ကျဉ်ခြင်းကို ခံထားရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ရှိစုမဲ့စု တစ်ခုတည်းသော ရုရှားနှင့်ဆက်ဆံရေးကို ပိုတိုးမြှင့်လာပြီး (၁)လကျော်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ် သွားရောက်

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်၏ စက်တင်ဘာလ(၅)ရက်နေ့ ရုရှားခရီးစဉ်အတွင်းက ပုံ
အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်၏ စက်တင်ဘာလ(၅)ရက်နေ့ ရုရှားခရီးစဉ်အတွင်းက ပုံ
နိုင်ငံတကာ၏ ဖယ်ကျဉ်ခြင်းကို ခံထားရသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ရှိစုမဲ့စု တစ်ခုတည်းသော ရုရှားနှင့်ဆက်ဆံရေးကို ပိုတိုးမြှင့်လာပြီး (၁)လကျော်အတွင်း ရုရှားနိုင်ငံကို ဒုတိယအကြိမ် သွားရောက်
By Mr John

အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံသို့ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ယခုအခါ စက်တင်ဘာလ (၅) ရက်နေ့တွင် သွားရောက်ရာ  (၂) လမပြည့်မီအတွင်း ရုရှားသို့ ဒုတိယအကြိမ် ခရီးစဥ်သွားရောက်မှုဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာဖိအားများ ပိုမိုတိုးမြင့်လာမှု ကြုံနေရသည့် မြန်မာစစ်အုပ်စုက ၎င်းတို့၏ အနည်းငယ်မျှသော သံတမန်ရေးမဟာမိတ်များအနက်မှ တစ်နိုင်ငံဖြစ်သည့် ရုရှားနှင့် ဆက်ဆံရေးကို တိုးမြှင့်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖါ်ဝါရီလ (၁) ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ ဥပဒေမဲ့ အာဏာသိမ်းခဲ့ပြီးနောက် စစ်အုပ်စုခေါင်းဆောင်ကို နိုင်ငံတကာအစည်းအဝေးများသို့ တက်ရောက်ခွင့်ပိတ်ပင်ပြီး ဖယ်ကျဥ်ထားခဲ့ကြသည်။ 

ပုံအညွှန်း - အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်၏ စက်တင်ဘာလ(၅)ရက်နေ့ ရုရှားခရီးစဉ်အတွင်းက ပုံအချို့

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နှစ် ဇွန်လအတွင်း ရုရှားသို့ ပထမအကြိမ် ခရီးစဥ်သွားရောက်ခဲ့ပြီး စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် နှစ်ဘက်လုံးက ကတိပြုခဲ့သည်။

စစ်အုပ်စုခေါင်းဆောင်က ဇူလိုင်လအတွင်းကလည်း ရုရှားသို့ လူသိရှင်ကြားမဟုတ်ဘဲ သွားရောက်ခဲ့သေးကြောင်း Reuters က ဖော်ပြသည်။ 

ရုရှားနိုင်ငံမှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်း အဓိက ရင်းမြစ်တစ်ခုဖြစ်ပြီး စစ်အုပ်စု၏ အာဏာသိမ်းမှုကို ထောက်ခံသည့် ပထမဆုံးနိုင်ငံများတွင် ပါဝင်ခဲ့သည်။ 

 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများအပေါ် သေစေနိုင်သည့် အကြမ်းဖက် အင်အားသုံးဖြိုခွင်းမှုများ လုပ်ဆောင်နေစဥ် ရုရှားက ထိုသို့ ထောက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

စစ်အုပ်စုက ထိန်းချုပ်ထားသည့် အစိုးရမီဒီယာတွင် ဖော်ပြမှုအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားခရီးစဥ်အတွင်း  (၇)ကြိမ်မြောက်အရှေ့ဖျား စီးပွားရေး ဖိုရမ် (The 7th Eastern Economic Forum-2022)ကို တက်ရောက်မည်ဖြစ်ပြီး အထင်ကရနေရာများ၊  Far Eastern Federal University(FEFU) အတွင်းရှိ Medical Schoolနှင့် Medical Center အပါအဝင်  စက်ရုံများကို လည်ပတ်ကြည့်ရှုမည်ဟု ဆိုသည်။ 

စစ်အုပ်စုလက်အောက်ခံ ဝန်ကြီးများနှင့် ထိပ်တန်းစစ်ဘက်အရာရှိများက ရုရှားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဟုလည်း သိရသည်။

ရုရှားက မြန်မာကို COVID-19 ကာကွယ်ဆေးများ ထောက်ပံ့ပေးနေပြီး မြန်မာစစ်အုပ်စုက ရုရှားထံမှ ဓာတ်ဆီနှင့် လောင်စာဆီများ တင်သွင်းရန် ပြင်ဆင်နေသည်။ 

ယူကရိန်းကို ကျူးကျော်မှုကြောင့် အနောက်အုပ်စုက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားရာ ရုရှားက ၎င်း၏ စီးပွားရေးအရင်းအမြစ်အသစ်များကို ရှာဖွေနေကြောင်း Reuters က ပြောသည်။

မြန်မာစစ်အုပ်စုကိုလည်း အာဏာသိမ်းမှုကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏အပေါင်းအပါများ၊ စစ်တပ်၏ စီးပွားရေးလုပ်ငန်းကွန်ရက်များကို အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများ၊ ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ထားသည်။ 

မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇတ်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂနှင့် တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားပြီး နိုင်ငံတကာအနေဖြင့် လက်နက်ရောင်းချမှု ပိတ်ပင်ရန် တိုက်တွန်းထားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားကသာ မြန်မာစစ်အုပ်စုအတွက် ဒရုန်းများ၊ ဂျက်တိုက်လေယာဥ်များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထောက်ပံ့ပေးနေသည်ဟု ဆိုသည်။ 

နိုင်ငံတွင် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ ဥပဒေမဲ့ အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုနှင့် ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှားတို့မှာ နိုင်ငံတကာဖိအားများ ရင်ဆိုင်နေရပြီး ဖယ်ကျဥ်ခံရသူအချင်းချင်း ပိုမိုနီးကပ်စွာ ဆက်ဆံလာကြသည်ဟု သုံးသပ်ကြသည်။

Source: Reuters