တရုတ်နိုင်ငံသားများအပေါ် COVID ကန့်သတ်ချက်ထားခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို တရုတ်က ဗီဇာထုတ်ပေးမှု ရပ်ဆိုင်း

တရုတ်နိုင်ငံသားများအပေါ် COVID ကန့်သတ်ချက်ထားခြင်းကို လက်တုံ့ပြန်မှုအဖြစ် ဂျပန်နှင့် တောင်ကိုရီးယားတို့ကို တရုတ်က ဗီဇာထုတ်ပေးမှု ရပ်ဆိုင်း
By Mr John

တရုတ်အစိုးရက ၎င်း၏နိုင်ငံသားများကို COVID-19 ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ်ပြရန် လိုအပ်ကြောင်း ခရီးသွားလာမှု ကန့်သတ်ချက်ထုတ်သည့် နိုင်ငံများအား လက်တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့မှစ၍ တောင်ကိုရီးယားနှင့် ဂျပန်တို့ကို တရုတ်က ရက်တိုဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။

လူဦးရေ (၁.၄) ဘီလီယံရှိသည့် တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး ကူးစက်ခံခြင်းရှိ/မရှိ စစ်‌ဆေးမှုများ လုပ်ဆောင်ခြင်းလည်း မရှိတော့သဖြင့် တရုတ်၏ COVID ကူးစက်ဖြစ်ပွားမှုအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) နှင့် ကမ္ဘာနိုင်ငံအသီးသီးက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံတွင် "zero-COVID" မူဝါဒဖြင့် တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်များ ချမှတ်ထားမှုကို ကန့်ကွက်ဆန္ဒပြမှုများ သမိုင်းတွင်လောက်သည့် အတိုင်းအတာဖြင့် ပေါ်ပေါက်လာခဲ့ပြီးနောက် အာဏာပိုင်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းတွင် ကန့်သတ်ချက်များကို ရုတ်တရက် စတင်ပယ်ဖျက်ခဲ့ရသည်။

ယင်းနောက် တရုတ်အစိုးရက နိုင်ငံအတွင်း ဝင်ရောက်လာမည့် ခရီးသွားများကို ကွာရန်တင်းဝင်ရမည့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့တွင် ဟောင်ကောင်နှင့် နယ်စပ်အပါအဝင် နယ်စပ်ဝင်ပေါက်များအားလုံးကို ပြန်ဖွင့်ခဲ့ခြင်းဖြစ်သည်။

တရုတ်၏ COVID ကူးစက်မှုအခြေအနေကြောင့် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် အခြားနိုင်ငံများက တရုတ်ခရီးသွားများ နိုင်ငံအတွင်း ဝင်ရောက်ပါက COVID ကင်းရှင်းကြောင်း စစ်ဆေးမှုရလဒ်ပြသရန် လိုအပ်မည်ဟု စည်းမျဉ်းထုတ်ပြန်လာကြခြင်းဖြစ်သည်။

ယင်းစည်းမျဥ်းမှာ ခွဲခြားဆက်ဆံခြင်းဖြစ်သည်ဟု တရုတ်က ဆိုလိုက်ပြီး ဂျပန်နှင့် တောင်ကိုရီးယားကို လက်တုံ့ပြန်မှုအဖြစ် ထိုနိုင်ငံများရှိ ၎င်း၏သံရုံးများက တရုတ်နိုင်ငံသို့ သွားရောက်မည့် ဂျပန်နှင့်တောင်ကိုရီးယား ခရီးသွားများအတွက် ရက်တိုဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံတွင် ယခုနှစ်အတွင်း COVID-19 ကြောင့် အနည်းဆုံး လူ (၁) သန်း သေဆုံးမည်ဟု နိုင်ငံတကာကျွမ်းကျင်သူများက  ခန့်မှန်းထားကြပြီး COVID 19 ကူးစက်မှုနှင့်ပတ်သက်၍ တရုတ်အစိုးရ၏ ထုတ်ပြန်မှုအပေါ် အစိုးရအချို့က စိုးရိမ်မှုများရှိနေသည်။

တရုတ်နိုင်ငံ၏ တတိယ လူဦးရေအများဆုံး ဟိုင်နန်ပြည်နယ်၏ လူဦးရေ (၉၉.၄) သန်းတွင် (၉၀) ရာခိုင်နှုန်းနီးပါးဖြစ်သည့် လူဦးရေ (၈၈.၅) သန်းခန့်မှာ COVID-19 ကူးစက်ခံထားရကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူက ထုတ်ဖော်ပြောထားသည်။ 

ထို့အတူ လူဦးရေ (၂၅) သန်းရှိသည့် တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင်လည်း လူဦးရေ၏ (၇၀) ရာခိုင်နှုန်းအထိ COVID-19 ကူးစက်ခံထားရနိုင်ကြောင်း ဆရာဝန်တစ်ဦးက ဇန်နဝါရီလဆန်းပိုင်းတွင် ခန့်မှန်းခဲ့သည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်း ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး ဆေးရုံများနှင့် မီးသင်္ဂြိုလ်သည့် နေရာများတွင် လျင်မြန်စွာ ပြည့်သွားခဲ့သည်။ 

တရုတ်အစိုးရက နိုင်ငံအတွင်း COVID ကူးစက်မှုအခြေအနေ ပြင်းထန်ဆိုးရွားမှုကို လျှော့ပေါ့ထုတ်ပြန်နေကြောင်း WHO က ဇန်နဝါရီလ (၄) ရက်တွင် ပြောကြားခဲ့ပြီး တစ်ဟုန်ထိုး ကူးစက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုမျှဝေရန် တိုက်တွန်းထားသည်။



Source: Reuters