လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား (၂၀၀) ကျော် တာချီလိတ်ဘက်သို့ ဝင်ရန် ဆိမ်ကမ်းသို့ ပို့ဆောင်

လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား (၂၀၀) ကျော် တာချီလိတ်ဘက်သို့ ဝင်ရန် ဆိမ်ကမ်းသို့ ပို့ဆောင်

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် Covid-19  စစ်ဆေးပြီး ပိုးမတွေ့သည့် နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား (၂၀၀) ကျော်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်တွင် တာချီလိတ်ဘက်ရှိ ဝမ်ပုံဆိပ်ကမ်းသို့ စတင်ပို့ဆောင်နေပြီဖြစ်သည်။

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ နေရပ်ပြန်မည့် မြန်မာရွှေ့ပြောင်းလုပ်သား (၃၀၀) ကျော်ကို ဩဂုတ်လ (၁၁) ရက်နေ့၌ Covid-19  စစ်ဆေးရာ ပိုးတွေ့ရသူ (၁၅) ဦးကို Quarantine Center ၌ (၁၄) ရက်ပို့ဆောင်ထားပြီး ဆေးစစ်ပြီးမှနေရပ်မပြန်လိုတော့သည့် (၃၀) ကျော်မှအပ ကျန် (၂၀၀) ကျော်ကို လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် ယခင်က မြန်မာရွှေ့ပြောင်းလုပ်သားများအား ရက်အကန့်အသတ်မရှိ လပေါင်းများစွာကြာသည်အထိ Quarantine Center များသို့ ပို့နေရာမှ ဩဂုတ်လ (၆) ရက်နေ့တွင် မြန်မာလုပ်သားထောင်ပေါင်းများစွာက ဆန္ဒပြပြီးနောက် Quarantine Center များတွင် (၁၄) ရက်နေထိုင်ရမည်ဟု ပြင်ဆင်သတ်မှတ်လာခြင်းဖြစ်သည်။

ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ Quarantine Center တွင် ဩဂုတ်လ (၉) ရက်နေ့က စစ်ဆေးမှုအတွင်း ပိုးတွေ့သူ (၁၇) ဦးကို ပို့ထားသဖြင့် နေရပ်ပြန်ရန် ဆေးစစ်သူများမှ စုစုပေါင်း (၃၂) ဦးရှိနေပြီဖြစ်သည်။

လာအိုနိုင်ငံ၊ ဘိုကျောက်ပြည်နယ်၊ တုန့်ဖိန်းခရိုင်အတွင်းရှိ ရွှေတြိဂံအထူးစီးပွားရေးဇုံတွင် Covid-19  ကန့်သတ်မှုများကြောင့် အခက်အခဲဖြစ်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် နေရပ်ပြန်ခွင့်ရရန် တင်ပြ၍စောင့်ဆိုင်းနေကြစဉ် မြန်မာဘက်၌ အာဏာသိမ်းဖြစ်စဉ်ကြောင့် လပေါင်းများစွာ ကြန့်ကြာသွားခဲ့ရကာ ဇူလိုင်လ (၃၀) ရက်နေ့တွင်မှ စတင်၍ လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နေရပ်ပြန်များလွှဲပြောင်းရာတွင် လာအိုရွှေတြိဂံအထူးစီးပွားရေးဇုံကုမ္ပဏီက Covid-19  စစ်ဆေးပြီး ပိုးတွေ့သည်ဟုဆိုသူများအား ရက်သတ်မှတ်ချက်မရှိ Quarantine Center များသို့ ပို့ဆောင်ခြင်း၊ နေရပ်ပြန်စာရင်းပေးထားသူများအစား နေရာပြန်လည်ချထားပေးစဉ်အတွင်း နေရာမလုံလောက်၍ မြန်မာရွာအတွင်း ကျန်သူများကို အရင်လွှဲပြောင်းပေးခြင်းများကို တတိယအကြိမ် နေရပ်ပြန်လွှဲပြောင်းသည်အထိ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားများက ဩဂုတ်လ (၆)ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ပြီးနောက် ဩဂုတ်လ (၈) ရက်နေ့၌ Covid-19  စစ်ဆေးခြင်းမပြုဘဲ ပြန်ပို့ပေးခဲ့ကာ ဩဂုတ်လ (၉) ရက်နေ့မှစ၍ နေရပ်ပြန်များကို Covid-19  စစ်ဆေးကာ  Quarantine Center တွင် သတ်မှတ်ရက်အတိုင်း ထားရှိခြင်းတို့ကို လုပ်ဆောင်နေခြင်းဖြစ်သည်။

လာအိုဘက်မှ ပြန်လည်လွှဲပြောင်းပေးလာသူများအား တာချီလိတ်ဘက်တွင် Covid-19  ထပ်မံစစ်ဆေးရာ ဇူလိုင်လ (၃၀) ရက်နေ့က (၃၃) ဦးအနက် ပိုးတွေ့ (၁)ဦး၊ ဩဂုတ်လ (၁) ရက်နေ့တွင် (၂၂၁) ဦးအနက် ပိုးတွေ့ (၂၇)ဦး၊ ဩဂုတ်လ (၃) ရက်နေ့က (၁၆၇)ဦးအနက် ပိုးတွေ့ (၈၃)ဦး၊ ဩဂုတ်လ (၈) ရက်နေ့က (၂၇၆) ဦးအနက် ပိုးတွေ့ (၃၇) ဦးနှင့် ဩဂုတ်လ (၁၀) ရက်နေ့က (၂၉၂) ဦးအနက် ပိုးတွေ့ (၃)ဦးတို့ကို ထပ်မံတွေ့ရှိထားခြင်းဖြစ်သည်။

လက်ရှိတွင် အထူးစီးပွားရေးဇုန်ဘက်မှ နေရပ်ပြန်ရန် စောင့်ဆိုင်းနေသူ အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency