ဖိလစ်ပိုင်တွင် ရေကြီးမှုများကြောင့် သေဆုံးသူ (၂၅) ဦးအထိ မြင့်တက်လာပြီး လူဦးရေ သောင်းနှင့်ချီ ရွှေ့ပြောင်းရ

ဖိလစ်ပိုင်တွင် ရေကြီးမှုများကြောင့် သေဆုံးသူ (၂၅) ဦးအထိ မြင့်တက်လာပြီး လူဦးရေ သောင်းနှင့်ချီ ရွှေ့ပြောင်းရ
ဒီဇင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံတွင် ရေကြီးမှုများကြောင့် သေဆုံးသူ အရေအတွက် (၂၅) ဦးအထိ မြင့်တက်လာကြောင်း အစိုးရအရာရှိများက ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ပြောကြားခဲ့ပြီး ရေကြီးမှု အဆိုးဆုံးဖြစ်ပွားသည့် တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် နောက်ထပ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။ 

ခရစ္စမတ်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အစွန်အဖျား ကျေးရွာများ၊ မြို့များနှင့် အမြန်လမ်းမများ ရေနစ်မြုပ်ခဲ့ရာ သောင်းနှင့်ချီသည့် ဒေသခံများ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ Misamis Occidental ပြည်နယ်တွင် ရေနစ်သေဆုံးမှု အများစု အပါအဝင် အနည်းဆုံး လူ (၁၃) ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ထုတ်ပြန်သည်။ 

ထို့အပြင် လူ (၂၆) ဦး ပျောက်ဆုံးနေကြောင်းနှင့် (၉) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ဖိလစ်ပိုင်တောင်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် ဒီဇင်ဘာလ (၂၈) ရက်နှင့် (၂၉) ရက်တို့၌ မိုးအသင့်အတင့်ကနေ သည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ရေကြီးမှုနှင့် မိုးရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်းလည်း ဖိလစ်ပိုင် မိုးလေဝသဌာနက သတိပေးခဲ့သည်။ ဘေးအန္တရာယ်ဆိုင်ရာဌာနက ရေဘေးသင့် ဒေသမှ ပြည်သူများကို ကယ်ဆယ်ရေးဆောင်ရွက်နေကြောင်းနှင့် ယာယီခိုလှုံရေးစခန်းများတွင် လူဦးရေ (၈၁,၀၀၀) ကျော် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

လူဦးရေ သန်း (၁၁၀) ရှိ ဖိလစ်ပိုင်နိုင်ငံတွင် ခရစ်စမတ်နှင့် နှစ်သစ်ကူးကာလ အားလပ်ရက်ရှည်အတွက် ပြင်ဆင်နေကြစဥ် မိုးလေဝသအခြေအနေ ဆိုးရွားလာခဲ့ခြင်းလည်း ဖြစ်သည်။

 ဖိလစ်ပိုင်တွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကြောင့် ထိခိုက်မှုအရှိဆုံး နိုင်ငံများတွင် ပါဝင်နေသည်။ 

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီး ပူနွေးလာရာမှ မုန်တိုင်းများ ဖြစ်ပွားမှုအကြိမ်ရေ ပိုများလာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

Source: AFP

Photo: Photo: AFP/Handout/Philippine Coast Guard, Handout / Angelica Villarta / AFP,