တရုတ်အစိုးရက နိုင်ငံအတွင်း COVID ကူးစက်မှုအခြေအနေ ပြင်းထန်ဆိုးရွားမှုကို လျှော့ပေါ့ထုတ်ပြန်နေဟု WHO ပြော

တရုတ်အစိုးရက နိုင်ငံအတွင်း COVID ကူးစက်မှုအခြေအနေ ပြင်းထန်ဆိုးရွားမှုကို လျှော့ပေါ့ထုတ်ပြန်နေဟု WHO ပြော
ဇန်နဝါရီ 6, 2023 | နိုင်ငံတကာသတင်း| Covid-19

တရုတ်အစိုးရက နိုင်ငံအတွင်း COVID-19 ကပ်ရောဂါ ကူးစက်မှုအခြေအနေ ပြင်းထန်ဆိုးရွားမှုကို လျှော့ပေါ့ထုတ်ပြန်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ပြောကြားလိုက်ပြီး တစ်ဟုန်ထိုး ကူးစက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ အချက်အလက်များ ပိုမိုမျှဝေရန် တိုက်တွန်းလိုက်သည်။ 

"ဆေးရုံတက်ရမှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ပိုမိုမြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ ပုံမှန်ထုတ်ပြန်ဖို့နဲ့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေကိုလည်း အချိန်နဲ့တပြေးညီ ပြည့်ပြည့်စုံစုံ ထုတ်ပြန်ဖို့ တရုတ်အစိုးရကို ကျွန်တော်တို့ ဆက်လက် တောင်းဆိုပါတယ်" ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျနီဗာမြို့တွင် ပြုလုပ်ခဲ့သည့် ဇန်နဝါရီလ (၄) ရက်နေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

"တရုတ်နိုင်ငံမှာ အသက်အန္တရာယ်ရှိတာကို WHO က စိုးရိမ်ပူပန်ပါတယ်။ ဆေးရုံတက်ရတာ၊ ရောဂါပြင်းထန်တာနဲ့ သေဆုံးတာတွေကို ကာကွယ်ဖို့အတွက် ထပ်ဆောင်းကာကွယ်ဆေး အပါအဝင် ကာကွယ်ဆေးထိုးဖို့ အရေးကြီးကြောင်း ထပ်လောင်း ပြောလိုပါတယ်" ဟု ၎င်းကဆိုသည်။ 

တရုတ်အစိုးရက လက်ရှိ ထုတ်ပြန်နေသည့် COVID ကြောင့် ဆေးရုံတက်ရမှု၊ ICU တွင် ကုသရမှုနှင့် သေဆုံးမှု ကိန်းဂဏန်းများမှာ အခြေအနေမှန်ထက် လျှော့ပေါ့ဖော်ပြထားကြောင်း WHO ကျန်းမာရေး အရေးပေါ်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး Mike Ryan က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက တင်းကျပ်သည့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်း ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေပြီး ဆေးရုံများနှင့် မီးသင်္ဂြုဟ်သည့် နေရာများတွင် လျင်မြန်စွာ ပြည့်သွားခဲ့သည်။ 

ထိုအတောအတွင်း တရုတ်စီးပွားရေးမြို့‌တော် ရှန်ဟိုင်းမြို့၏ လူဦးရေ (၇၀) ရာခိုင်နှုန်းအထိ COVID-19 ကူးစက်ခံထားရနိုင်ကြောင်း ထိုမြို့၏ ထိပ်တန်းဆေးရုံတစ်ရုံမှ ဆရာဝန်တစ်ဦးက ပြောကြားကြောင်း တရုတ်အစိုးရသတင်းဌာနက ဇန်နဝါရီလ (၃) ရက်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း COVID-19 ကူးစက်မှုများ တစ်ဟုန်းထိုးမြင့်တက်သော်လည်း တရုတ်အစိုးရက ဇန်နဝါရီလ (၈) ရက်တွင် နယ်စပ်များပြန်ဖွင့်ရန် စီစဥ်နေရာ ကမ္ဘာတဝန်း နိုင်ငံများက လူဦးရေ (၁.၄) ဘီလီယံရှိ တရုတ်နိုင်ငံမှ ခရီးသွားများကို ခရီးသွားစည်းမျဥ်းအသစ်များ သတ်မှတ်ရန် စဥ်းစားနေကြသည်။ 

တရုတ်အစိုးရ၏ ရုတ်တရက် မူဝါဒအပြောင်းအလဲအရ ဒီဇင်ဘာလမှစ၍ ကမ္ဘာ့အတင်းကျပ်ဆုံး COVID စည်းမျဥ်းကန့်သတ်ချက်များနှင့် စစ်ဆေးမှုများကို ပယ်ဖျက်လိုက်ပြီး စီးပွားရေးထိခိုက်မှု နာလန်ပြန်ထူရန် နိုင်ငံအဝင်အထွက်ကို အပြည့်အဝ ပြန်ဖွင့်သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ COVID-19 ကူးစက်မှုအခြေအနေနှင့် ပတ်သက်၍ AP သတင်းဌာနက ဖော်ပြထားသည့် သတင်းတစ်ရပ်အရ ဘေဂျင်းမြို့တော်ရှိ Chuiyangliu ဆေးရုံတွင် လူနာများပြည့်နေရာ ကုတင်မလုံလောက်မှုကြောင့် သက်ကြီးရွယ်အို အများစုအပါအဝင် လူနာများမှာ ခုံတန်းလျားပေါ်တွင် လဲလျောင်းလျက်နှင့် ဝှီးချဲများပေါ်ထိုင်လျက် အောက်စီဂျင်ရှူနေကြရကြောင်းလည်း သိရသည်။

Source: CNN