တရုတ်သမ္မတအဖြစ် တတိယသက်တမ်း ခန့်အပ်ခံရသည့် ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

တရုတ်သမ္မတအဖြစ် တတိယသက်တမ်း ခန့်အပ်ခံရသည့် ရှီကျင့်ဖျင်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
အောက်တိုဘာ 24, 2022 | နိုင်ငံတကာသတင်း
By Mr John

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၎င်း၏ ရှားရှားပါးပါး မဟာမိတ်ဖြစ်သူ တရုတ်သမ္မတ ရှီကျင့်ဖျင် သမ္မတအဖြစ် ဆက်လက် ရွေးချယ်ခန့်အပ်ခံရမှုအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့ခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရသတင်းဌာန Korean Central News Agency (KCNA) က အောက်တိုဘာလ (၂၃) ရက်တွင် ဖော်ပြသည်။

အကြိမ် (၂၀) မြောက် တရုတ်ကွန်မြူနစ်ပါတီ Chinese Communist Party (CPC) ညီလာခံက လာမည့် ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများနှင့်  ဆိုရှယ်လစ် အတွေးအခေါ်အောက်တွင် တရုတ်နိုင်ငံ၏ ကြီးမားသော ချမ်းသာကြွယ်ဝမှု သမိုင်းဝင်ဖြစ်စဥ်ကို တွန်းအားပေးရန် တရုတ်ပါတီနှင့် ပြည်သူလူထုအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်ခြင်းဖြစ်ကြောင်း ကင်မ်ဂျုံအန်က သဝဏ်လွှာတွင် ရေးသားထားသည်။ 

ထို့အတူ ရှီကျင့်ဖျင်နှင့်အတူ မြောက်ကိုးယား-တရုတ် ဆက်ဆံရေး၏ ပိုမိုလှပသည့် အနာဂတ်ကို ပုံဖော်သွားမည်ဟုလည်း ၎င်းကဆိုသည်။

(၅) နှစ်တစ်ကြိမ် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီညီလာခံက သမ္မတရှီကျင့်ဖျင်ကို မော်စီတုန်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ဩဇာအရှိဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်း၏ ရာထူးနေရာ တည်မြဲခိုင်မာစေခဲ့သည်။ 

ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို ၎င်းနှင့်အတူ စီမံအုပ်ချုပ်မည့် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုအဖွဲ့သစ်ကို ၎င်းအား သစ္စာခံသူများဖြင့် ဖွဲ့စည်းလိုက်ပြီး အောက်တိုဘာလ (၂၃) ရက်နေ့တွင် ပွဲထုတ်ခဲ့ကြောင်း သိရသည်။

Source: Reuters, FOX News