တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု အဆုံးသတ်နိုင်ရေး ငါးအရှင်များကိုပါ စစ်ဆေး

တရုတ်နိုင်ငံတွင် COVID-19 ကူးစက်မှု အဆုံးသတ်နိုင်ရေး ငါးအရှင်များကိုပါ စစ်ဆေး
By Mr John

တရုတ်နိုင်ငံ၏ COVID-19 ကူးစက်မှုရပ်တန့်ရေး ကြိုးပမ်းလုပ်ဆောင်မှုတွင် ပင်လယ်ထဲမှ ငါးများပင် ကင်းလွတ်ခွင့်မရကြဟု ဆိုသည်။ တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့် ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ Xiamen မှ အာဏာပိုင်များက ငါးဖမ်းသမားများကိုသာမက ၎င်းတို့ ဖမ်းမိလာသည့် ငါးများကိုလည်း နေ့စဥ် ဗိုင်းရပ်စ်စစ်ဆေးနေကြောင်း သိရသည်။ 

Xiamen မြို့တွင် ကူးစက်မှု (၄၀) ခန့် တွေ့ရှိရပြီးနောက် ယခုသီတင်းပတ်အတွင်း လူဦးရေ (၅) သန်းကျော်ကို COVID-19 စစ်ဆေးကြရန်လည်း ညွှန်ကြားထားသည်။

အာဏာပိုင်များ၏ ထိုလုပ်ဆောင်မှုမှာ ဆိုရှယ်မီဒီယာတွင် အချေအတင် ငြင်းခုန်စရာနှင့် လှောင်ပြောင်သရော်စရာ ဖြစ်နေခဲ့သည်။ 

နိုင်ငံတောင်ဘက်စွန်းပိုင်းရှိ ဟိုင်နန်ကျွန်းပေါ်တွင် COVID-19 ကူးစက်မှုများ ပိုမိုဆိုးရွားလာနေစဥ် Xiamen မြို့၌ ငါးဖမ်းသမားများအပြင် ဖမ်းမိလာသည့် ငါးများကိုပါ ဗိုင်းရပ်စ်စစ်ဆေးမှု လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ 

ဟိုင်နန် ကျွန်းမှ ကူးစက်မှုများမှာ ငါးအရောင်းဆိုင်တစ်ဆိုင်မှ စတင်ခဲ့နိုင်ကြောင်း တရုတ်အစိုးရက ပြောထားသည်။

ပြည်တွင်းသတင်းများ၏ အဆိုအရ နိုင်ငံခြားသား ငါးဖမ်းသမားများနှင့် တရားမဝင် အရောင်းအဝယ်လုပ်ရာမှ ဗိုင်းရပ်စ်ပါလာနိုင်မှုအပေါ် စိုးရမ်ပူပန်မှုကြောင့် ထိုသို့ စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ဇူလိုင်လ နှောင်းပိုင်းတွင် Xiamen မြို့ Jimei ခရိုင်က ကြေညာခဲ့ကြောင်း သိရသည်။ 

ထိုစစ်ဆေးမှုပုံစံအရ လူများနှင့် ရေထဲမှဖမ်းလာသည့် ငါးများအပါအဝင် ၎င်းတို့နှင့် ထိတွေ့မှုရှိသည့် အရာများကို ဗိုင်းရပ်စ်စစ်ဆေးခြင်း ဖြစ်သည်။

ငါးများကို ပါးစပ်ထဲမှ ဓာတ်ခွဲနမူနာရယူနေသည့် ဓာတ်ပုံများမှာ အင်တာနက်အသုံးပြုသူများကြား အထူးစိတ်ဝင်တစားဖြင့် ပြောဆိုစရာဖြစ်ခဲ့ပြီး အချို့က တရုတ်အစိုးရ၏ "zero-Covid" မူဝါဒကို အလွန်အကျွံ လိုက်နာနေကြသည့် သင်္ကေတဟု ဆိုကြသည်။ 

"ငါးဖမ်းသမားများ ငါးဖမ်းထွက်စဥ်အတွင်း နေ့စဥ် COVID စစ်ရပါမည်။ ငါးဖမ်သမားများနှင့် ငါးဖမ်းပြီး ကမ်းခြေကိုပြန်ချိန်တွင် လူနှင့်ငါး နှစ်ခုလုံး စစ်ဆေးမှုခံယူသင့်ပါသည်" ဟု တရားဝင် သတိပေးချက်တွင် ပြောထားကြောင်း သိရသည်။

Source: BBC, Bloomberg