အီတလီမြောက်ပိုင်းတွင်  အဆိုးဆုံး မိုးခေါင်မှုကြုံနေရ၍ အရေးပေါ်အခြေအနေ ကြေညာ

အီတလီမြောက်ပိုင်းတွင်  အဆိုးဆုံး မိုးခေါင်မှုကြုံနေရ၍ အရေးပေါ်အခြေအနေ ကြေညာ
ဇူလိုင် 6, 2022 | နိုင်ငံတကာသတင်း
By Mr John

အီတလီနိုင်ငံတွင်  နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး မိုးခေါင်မှုကြုံနေရ၍  နိုင်ငံမြောက်ပိုင်း Po မြစ် ပတ်ဝန်းကျင်နယ်မြေ (၅) ခုတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။ 

အီတလီမြောက်ပိုင်းရှိ Emilia-Romangna ၊ Friuli Venezia Giulia ၊ Lombardy ၊ Piedmont နှင့် Veneto နယ်မြေများအတွက် ရေပြတ်လပ်မှုကို ဖြေရှင်းရန် အရေးပေါ်ရန်ပုံငွေ ယူရို (၃၆.၅) သန်း‌ ပေးအပ်သွားမည် ဖြစ်သည်။

မိုးခေါင်မှုက အီတလီ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန် (၃၀) ရာခိုင်နှုန်းကျော်ကို ခြိမ်းခြောက်နေကြောင်း လယ်ယာစိုက်ပျိုးရေးသမဂ္ဂ Coldiretti က ပြောသည်။ 

နေရာအချို့တွင် ရေပေးဝေမှုကို ခွဲတမ်းစနစ်ဖြင့် ပေးမည်ဖြစ်ကြောင်း ကြေညာထားပြီး ဖြစ်သည်။ 

ဆောင်းရာသီနှင့် နွေဦးရာသီတစ်လျှောက် ပုံမှန်မဟုတ်သည့် ပူပြင်းသော မိုးလေဝသအခြေအနေနှင့် မိုးရွာသွန်းမှု လျော့နည်းခြင်းတို့ ပေါင်းဆုံပြီး အီတလီမြောက်ပိုင်း နယ်မြေများတွင် ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်။

အရေးပေါ်အခြေအနေကြေညာခြင်းက လက်ရှိ အခြေအနေကို အထူးခွင့်ပြုထားသော နည်းစနစ်များနှင့် လုပ်ပိုင်ခွင့်များသုံးပြီး စီမံခန့်ခွဲရန် ရည်ရွယ်ကြောင်း အီတလီအစိုးရက ပြောသည်။ 

အခြေအနေ တိုးတက်မလာပါက နောက်ထပ် စီမံဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ကြောင်းလည်း အစိုးရက ဆိုသည်။ 

Po မြစ်မှာ အီတလီ၏ အရှည်ဆုံးမြစ်ဖြစ်ပြီး အရှေ့ဘက်သို့ (၄၀၄) ကျော် စီးဆင်းနေသည်။ 

Po မြစ်ဝှမ်းဒေသရှိ လယ်သမားများ၏ အဆိုအရ ပင်လယ်ရေငန်များက မြစ်ထဲသို့ စိမ့်ဝင်လာပြီး လယ်ယာစိုက်ခင်းများကို ပျက်စီးစေကြောင်း သိရသည်။

မိုးခေါင်ပြီး ပူပြင်းနေသည့် အီတလီတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များအတွင်း နိုင်ငံမြောက်ပိုင်း Alps တောင်တန်းများရှိ ရေခဲမြစ်ပြိုကျရာမှ နှင်းထုပြိုကျွန်မှုအတွင်း နစ်မြုပ်သွားမှုကြောင့် လူ (၇) ဦး သေဆုံးခဲ့သည်။

 အီတလီဝန်ကြီးချုပ် Mario Draghi က ယခုဖြစ်ရပ်မှာ ကမ္ဘာတဝန်း ပူနွေးလာမှုနှင့် ဆက်နွယ်နေကြောင်း ပြောခဲ့သည်။

Source: BBC

Photo: EPA, ANADOLU AGENCY VIA GETTY IMAGES, AFP VIA GETTY IMAGES,