သိမ်းပိုက်ခံ ယူကရိန်း နယ်မြေများတွင် ဆန္ဒခံယူပွဲအတွက် ရုရှားစစ်သားများက တစ်အိမ်တက်ဆင်း မဲကောက်ခံနေ

သိမ်းပိုက်ခံ ယူကရိန်း နယ်မြေများတွင် ဆန္ဒခံယူပွဲအတွက် ရုရှားစစ်သားများက တစ်အိမ်တက်ဆင်း မဲကောက်ခံနေ
စက်တင်ဘာ 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများတွင် ရုရှားနှင့်ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲကို စက်တင်ဘာလ (၂၃) ရက်မှ (၂၇) ရက်အထိ ပြုလုပ်နေရာ လက်နက်ကိုင် စစ်သားများက တစ်အိမ်တက် တစ်အိမ်ဆင်း မဲများ လိုက်လံကောက်ခံနေကြောင်း ယူကရိန်းများက ပြောသည်။ 

"ပေါင်းစည်းရေးကို ထောက်ခံလား မထောက်ခံဘူးလား နှုတ်နဲ့ဖြေရတယ်။ ပြီးရင် စစ်သားက အဖြေကို စာရွက်ပေါ်မှာ ရေးမှတ်ပြီး သိမ်းထားတယ်" ဟု Enerhodar မြို့ရှိ အမျိုးသမီးတစ်ဦးက BBC သတင်းဌာနကို ပြောသည်။

ယူကရိန်းတောင်ပိုင်း Kherson မြို့တွင် ရုရှားအစောင့်များက မြို့လယ်တွင် မဲပုံးတစ်ပုံနှင့်အတူ ရပ်နေပြီး လူထု၏ မဲလက်မှတ်များကို စုဆောင်းကောက်ခံနေကြောင်း သိရသည်။ 

တစ်အိမ်တက်ဆင်း မဲကောက်ခံခြင်းမှာ လုံခြုံရေးကြောင့်ဟု ရုရှားအစိုးရမီဒီယာက ဆိုသည်။ 

လူကိုယ်တိုင် မဲပေးမှုကို စက်တင်ဘာလ (၂၇) ရက်နေ့တွင် အထူးသီးသန့် ပြုလုပ်သွားမည်ဟု ရုရှားသတင်းဌာန TASS က ဖော်ပြသည်။ 

အခြားရက်များတွင်မူ မဲပေးမှုကို လူနေရပ်ကွက်များနှင့် တစ်အိမ်တက်ဆင်းစနစ်ဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။

Melitopol မြို့ရှိ အမျိုးသမီးတစ်ဦးက BBC ကို ပြောကြားမှုအရ ဒေသခံ ပူးပေါင်းဆောင်ရွက်သူ (၂) ဦးက ရုရှားစစ်သား (၂) ဦးနှင့်အတူ ၎င်း၏မိဘများ နေထိုင်ရာ တိုက်ခန်းသို့ ရောက်ရှိလာကြပြီး မဲလက်မှတ်ပေးကြောင်း သိရသည်။ 

"ကျွန်မအဖေက ရုရှားနဲ့မပေါင်းစည်းဘူးလို့ ကန့်ကွက်မဲပေးလိုက်တယ်။ အနားမှာရပ်နေတဲ့ ကျွန်မအမေက ကန့်ကွက်မဲပေးရင် ဘာဖြစ်မလဲလို့ သူတို့ကို မေးတယ်။ သူတို့က ဘာမှမဖြစ်ပါဘူးလို့ ပြောကြတယ်" ဟု ထိုအမျိုးသမီးက ဆိုသည်။

"အခု ကျွန်မအမေက ရုရှားတွေ သူတို့ကို နှိပ်စက်မှာကို စိုးရိမ်နေတယ်" ဟုလည်း သူမက ပြောသည်။ 

ရုရှားနှင့်ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲဟုဆိုကာ မဲပေးခိုင်းရာတွင်လည်း လူတစ်ဦးလျှင် မဲတစ်စောင် မဟုတ်ဘဲ အိမ်ထောင်စုတစ်ခုလုံးအတွက် မဲတစ်စောင်သာ ပေးရခြင်းဖြစ်သည်ဟု ထိုအမျိုးသမီးက ဆိုသည်။ 

ယခုဖြစ်ရပ်များမှာ ထူးဆန်းနေသော်လည်း လက်နက်ကိုင် အမျိုးသားများက ကြီးကြပ်ပြုလုပ်နေသည့် မဲပေးမှုမှာ ရုရှားက ပြောထားသည့် လွတ်လပ်မျှတသည့် လူထုဆန္ဒခံယူပွဲဆိုသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ရုရှားက သိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေ (၄) ခုဖြစ်သည့် Luhansk, Donetsk, Kherson နှင့် Zaporizhzhia တို့တွင် ရုရှားနှင့်ပေါင်းစည်းရေး တရားဝင်ဖြစ်စေရန် လူထုဆန္ဒခံယူပွဲ ကျင်းပပြုလုပ်မှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေကြသည့် ကမ္ဘာ့ခေါင်းဆောင်များက ရုရှားကို လူသိရှင်ကြား ရှုတ်ချခဲ့ကြသည်။

ဆက်စပ်သတင်းတစ်ရပ်အရ ရုရှားနိုင်ငံတွင် သမ္မတ ဗလာဒီမာ ပူတင်က စစ်စည်းရုံးခြင်း အမိန့်ဒီကရီထုတ်ပြန်ပြီး အရန်တပ်ဖွဲ့များနှင့် စစ်မှုထမ်းများကို ယူကရိန်းစစ်ပွဲအတွက် စစ်တပ်သို့ ခေါ်ယူနေပြီဖြစ်ရာ အမျိုးသားများ နိုင်ငံမှထွက်ခွာရန် ကြိုးပမ်းလာကြပြီး ရုရှားနယ်စပ်တစ်လျှောက် လူများ၊ ကားများ ရှည်လျားစွာတန်းစီနေကြသည်ဟုဆိုသည်။ 

ပူတင်၏ တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်း အမိန့်ဒီကရီအရ ယူကရိန်းစစ်ပွဲတွင် ပါဝင်ရန် ရုရှားစစ်တပ်သို့ နိုင်ငံသား (၃၀၀,၀၀၀) ကို ခေါ်ယူသွားမည် ဖြစ်သည်။

Source: BBC

Photo: REUTERS, BBC,