သီရိလင်္ကာတွင် သမ္မတသစ်ကျမ်းကျိန်ပြီးနောက်  ဆန္ဒပြစခန်းကို   စီးနင်းဖြိုခွင်းကာ ဖမ်းဆီး

သီရိလင်္ကာတွင် သမ္မတသစ်ကျမ်းကျိန်ပြီးနောက်  ဆန္ဒပြစခန်းကို   စီးနင်းဖြိုခွင်းကာ ဖမ်းဆီး
ဇူလိုင် 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 သီရိလင်္ကာနိုင်ငံတွင် သမ္မတသစ် Ranil Wickremesinghe ကျမ်းသစ္စာကျိန်ဆိုပြီး နောက်တစ်ရက်ဖြစ်သည့် ဇူလိုင်လ (၂၂) ရက် ဒေသစံတော်ချိန် နံနက် (၁) နာရီဝန်းကျင်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ၏ အဓိက ယာယီစခန်းကို လုံခြုံရေးတပ်ဖွဲ့များက စီးနင်းခဲ့ကြပြီး ဆန္ဒပြသူများကို ဖမ်းဆီးကာ ရွက်ဖျင်တဲများကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရာနှင့်ချီသည့် စစ်သားနှင့် ရဲကွန်မန်ဒိုများက ကိုလံဘိုမြို့တော်ရှိ သမ္မတရုံးအပြင်ဘက်တွင် ယာယီစခန်းချထားသည့် ဆန္ဒပြသူများ၏ နေရာများကို စီးနင်းခဲ့ကြခြင်း ဖြစ်သည်။ 

BBC သတင်း၏ ဖော်ပြမှုအရ ဆန္ဒပြသူများက ထိုနေရာမှ ပြန်မထွက်ခွာမီ နာရီပိုင်းအလိုတွင် စစ်သားနှင့်ရဲများက စီးနင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုစီးနင်းမှုအတွင်း BBC ဗီဒီယိုသတင်းထောက်တစ်ဦးကို စစ်တပ်က ရိုက်နှက်ခဲ့ပြီး စစ်သားတစ်ဦးက ၎င်း၏ဖုန်းကို လုယူကာ ဗီဒီယိုများကို ဖျက်ပစ်ခဲ့သည်ဟု ဆိုသည်။ 

စီးနင်းမှုအတွင်း ရဲတပ်ဖွဲ့က ဒဏ်ရာ ရသူ (၂) ဦး အပါအဝင် လူ (၉) ဦးကို ဖမ်းဆီးသွားခဲ့ပြီး ဆန္ဒပြသူ အနည်းဆုံး (၅၀) ဒဏ်ရာရခဲ့သည်။ 

ရဲတပ်ဖွဲ့က ယခုဖြစ်ရပ်ကို သမ္မတရုံးနေရာကို ထိန်းချုပ်ရန် အထူးစစ်ဆင်ရေးတစ်ရပ်အဖြစ် ပြောခဲ့သည်။

ဆန္ဒပြသူများ၏ ယာယီစခန်းချနေရာကို စီးနင်းခဲ့သည့် စစ်သားများက အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံများဝတ်ဆင်ထားပြီး ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ 

သီရိလင်္ကာတွင် စီးပွားရေးပြိုလဲပြီး လောင်စာဆီ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများအပေါ် ပြည်သူလူထုက ဒေါသထွက်ခဲ့ပြီး ဆန္ဒပြမှုများ ဆက်တိုက်ပေါ်ပေါက်နေခဲ့ရာ ဧပြီလအတွင်း ဆန္ဒပြသူများက ယာယီစခန်းများချပြီး နေထိုင်ခဲ့ကြသည်။

ဆန္ဒပြသူများက သမ္မတနန်းတော်နှင့် ဝန်ကြီးချုပ်ရုံးအပါအဝင် အစိုးရအဆောက်အအုံများကို စီးနင်းဝင်ရောက်ခဲ့ကြပြီးနောက် သမ္မတ Gotabaya Rajapaksa က ဇူလိုင်လ (၁၃) ရက်နေ့၌ နိုင်ငံမှ ထွက်ပြေးသွားခဲ့သည်။ 

သမ္မတမရှိတော့သည့်နောက် ထိုစဥ်က ဝန်ကြီးချုပ်ဖြစ်သူ Wickremesinghe က ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ဇူလိုင်လ (၂၀) ရက်နေ့တွင် လွှတ်တော်က ၎င်းအား သမ္မတအဖြစ် မဲပေးရွေးချယ်ခဲ့သည်။

Wickremesinghe က ယာယီသမ္မတအဖြစ် ရှိနေစဥ်မှာပင် ဇူလိုင်လ (၁၈) ရက်နေ့မှစပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာထားခဲ့သည်။ 

ဆန္ဒပြသူများက Wickremesinghe ကို နိုင်ငံမှ ထွက်ပြေးသွားသည့် သမ္မတဟောင်း Gotabaya ၏ မဟာမိတ်တစ်ဦးအဖြစ် ရှုမြင်ထားကြပြီး လွှတ်တော်က ၎င်းကို သမ္မတအဖြစ် ရွေးချယ်လိုက်ခြင်းကို မနှစ်သက်ကြပေ။

သို့သော် Wickremesinghe သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက်ပိုင်း ဆန္ဒပြသူများက ငြိမ်းချမ်းစွာပင်ရှိနေခဲ့ကြသည်ဟု ဆိုသည်။ 

 

Wickremesinghe ကို ယုံကြည်မှုမရှိသော်လည်း စီးပွားရေးအကျပ်အတည်းကနေ လွတ်မြောက်ရန် ၎င်းအား နိုင်ငံကိုဦးဆောင်ခွင့်ပေးမည်ဟု ဆန္ဒပြသူအများအပြားက ပြောကြသည်။

အစိုးရကို ဖြုတ်ချရန် သို့မဟုတ် အစိုးရအဆောက်အအုံများကို သိမ်းပိုက်ရန် ကြိုးပမ်းမှုမှန်သမျှမှာ ဒီမိုကရေစီမဟုတ်ကြောင်းနှင့် ဥပဒေကိုဆန့်ကျင်မှုဖြစ်ကြောင်း သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် Wickremesinghe က ပြောခဲ့သည်။ 

သီရိလင်္ကာတွင် အစိုးရ၏ ဆန္ဒပြသူများကို အကြမ်းဖက်မှုအပေါ် အရပ်ဘက်နှင့် ဥပဒေဆိုင်ရာအဖွဲ့များက ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။

သီရိလင်္ကာတွင် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေခဲ့ရပြီး ရက်သတ္တပတ်များကြာ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ စားနပ်ရိက္ခာနှင့် အခြား မရှိမဖြစ် ပစ္စည်းများ ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

Source: BBC, Reuters

Photo: GETTY IMAGES, REUTERS/Adnan Abidi,