တာချီလိတ်မြို့တွင် Quarantine ထားသည့် (၉၇)ဦးထဲက Covid-19 အတည်ပြုလူနာ (၄)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Quarantine ထားသည့် (၉၇)ဦးထဲက Covid-19 အတည်ပြုလူနာ (၄)ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားသည့် ထိုင်းဘက်မှ ပြစ်ဒဏ်စေ့ပြန်လွှဲလာသူ (၉၇) ဦးကို ၂၀၂၁ ခုနှစ် မေလ (၂၇) ရက်နေ့၌ စစ်ဆေးရာ COVID 19 ပိုးတွေ့ရသူ (၄) ဦးထပ်တိုးတွေ့ရသဖြင့် တာချီလိတ်တွင် COVID 19 အတည်ပြုလူနာ (၉) ဦးရှိနေပြီဖြစ်သည်။

ယနေ့ ထပ်တိုးလာသည့် အတည်ပြုလူနာ အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၂) ဦးမှာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတစ်ဆင့် မေလ (၁၇) ရက်နေ့က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၁၀၁) ဦးအဖွဲ့မှဖြစ်ပြီး လွှဲပြောင်းပေးလာသည့်နေ့တွင် စစ်ဆေးမှုအတွင်း အတည်ပြုလူနာ (၄)ဦးတွေ့ရှိထားပြီးဖြစ်သည်။

ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာများအား တာချီလိတ်ခရိုင်ဆေးရုံဟောင်းရှိ ကုသဆောင်သို့ ပို့ဆောင်ကုသပေးနေရာ ကုသဆောင်တွင် ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့လွှဲလာသည့်အဖွဲ့မှ စုစုပေါင်း အတည်ပြုလူနာ (၈) ဦးနှင့် မန္တလေး - တာချီလိတ် လေကြောင်းခရီးမှ အတည်ပြုလူနာ ခရီးသည် (၁) ဦးတို့ရှိနေခြင်းဖြစ်သည်။

ပြစ်ဒဏ်စေ့လွှဲပြောင်းလာသည့်အဖွဲ့မှ COVID 19 မတွေ့ရသည့် ကျန် (၉၃) ဦးနှင့် မန္တလေး - တာချီလိတ်လေကြောင်းခရီးမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၈)ဦးတို့ကို မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အသွားအလာကန့်သတ်ထားပြီး ဟိုတယ်တွင် အသွားအလာကန့်သတ်ထားသူ (၇) ဦးခန့်လည်းရှိကြောင်း သိရသည်။

မန္တလေး - တာချီလိတ်လေကြောင်းခရီးမှ အတည်ပြုလူနာနှင့် ထိတွေ့သူ (၃၈)ဦးတို့ကို စစ်ဆေးမှုအတွင်း COVID 19 ပိုးမတွေ့ရကြောင်း သိရသည်။