ယူကရိန်းက တန်ပြန်ထိုးစစ်ဖြင့် နယ်မြေများပြန်သိမ်းခဲ့ပြီးနောက် ရုရှားစစ်တပ်က အရပ်သား နေရာများကို လက်တုံ့ပြန် တိုက်ခိုက်

ယူကရိန်းက တန်ပြန်ထိုးစစ်ဖြင့် နယ်မြေများပြန်သိမ်းခဲ့ပြီးနောက် ရုရှားစစ်တပ်က အရပ်သား နေရာများကို လက်တုံ့ပြန် တိုက်ခိုက်
စက်တင်ဘာ 13, 2022 | နိုင်ငံတကာသတင်း
By Mr John

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Kharkiv နယ်မြေရှိ ရုရှားသိမ်းပိုက်ထားသည့် နေရာများကို ယူကရိန်းတပ်ဖွဲ့များက တန်ပြန်ထိုးစစ်ဖြင့် ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် ရုရှားဘက်က လက်တုံ့ပြန်မှုအဖြစ် လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုဆိုင်ရာ အရပ်ဘက် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ရုရှားက အရပ်ဘက်နေရာများကို ထိုသို့ လက်တုံပြန်တိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့ပိုင်း Kharkiv နှင့် Donetsk နယ်မြေတို့တွင် လူဦး‌ရေ သန်းနှင့်ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ကြရသည်။

ရုရှားက လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် Kharkiv နယ်မြေရှိ ရေပေးဝေစက်ရုံနှင့် ဓာတ်အားပေးရုံတို့ ထိခိုက်ပျက်စီးခဲ့ပြီး နေရာအနှံ့အပြားတွင် လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောသည်။ 

"သူတို့ တိုက်ခိုက်ခဲ့တဲ့နေရာမှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ စခန်းတွေ မရှိဘူး။ သူတို့ရည်ရွယ်ချက်က လူတွေကို လျှပ်စစ်မီး မရဘဲ အပူဒဏ်ခံရပြီး ဒုက္ခရောက်ဖို့ပါ" ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက စက်တင်ဘာလ (၁၁) ရက် နှောင်းပိုင်းက Twitter တွင် ရေးသားခဲ့သည်။

Kharkiv မြို့၏ မြို့တော်ဝန်က စက်တင်ဘာလ (၁၂) ရက်နေ့တွင် ပြောကြားမှုအရ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိပြီဟု သိရသည်။ 

ရုရှားဘက်ကမူ ၎င်း၏တပ်ဖွဲ့များက အရပ်သားများကို တမင်ရည်ရွယ်ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ 

နိုင်ငံအရှေ့ပိုင်းတွင် တန်ပြန်ထိုးစစ်ဆင်မှုအတွင်း (၁,၁၅၈) စတုရန်းမိုင်ရှိ နယ်မြေများကို ရုရှားထံမှ ပြန်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုရှိလာခဲ့ခြင်းလည်း ဖြစ်သည်။

ဆက်စပ်သတင်းတစ်ရပ်အရ ရုရှားက ၎င်း၏တပ်ဖွဲ့များကို Kharkiv နယ်မြေမှ ပြန်ဆုတ်ခွာရန် အမိန့်ပေးလာနိုင်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ (၁၂) ရက်တွင်ပြောကြောင်း သိရသည်။ 

ယူကရိန်းတပ်ဖွဲ့များက ယခင် ရုရှားထိန်းချုပ်ထားသည့် နိုင်ငံအရှေ့ပိုင်း Kharkiv နယ်မြေအတွင်း နေရာများကို အလွန် သိသိသာသာနှင့် အလျင်အမြန် ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း ရုရှားက ဖွဲ့စည်းထားသည့် ဒေသဆိုင်ရာ တာဝန်ရှိသူက စက်တင်ဘာလ (၉) ရက်တွင် ဝန်ခံခဲ့သည်။ 

ယခုဖြစ်ရပ်က စစ်ပွဲတွင် အလှည့်အပြောင်းဖြစ်နိုင်သည့် ယူကရိန်းတပ်ဖွဲ့များ၏ အောင်မြင်မှုတစ်ခုဟု ဆိုကြသည်။

Source: BBC, Reuters

Photo:  Press service of the General Staff of the Armed Forces of Ukraine, REUTERS/Vyacheslav Madiyevskyy, REUTERS/Gleb Garanich,