ဘတ် (၄၅,၀၀၀) ပွဲစားခပေးပြီး မလေးရှားသို့ အလုပ်သွားရှာမည့် မြန်မာ (၃၃) ဦး ထိုင်းတွင် အဖမ်းခံရ

Photo: Bangkok Post
Photo: Bangkok Post
ဘတ် (၄၅,၀၀၀) ပွဲစားခပေးပြီး မလေးရှားသို့ အလုပ်သွားရှာမည့် မြန်မာ (၃၃) ဦး ထိုင်းတွင် အဖမ်းခံရ
By Mr John

ထိုင်းနိုင်ငံ Songkhla ပြည်နယ် Bang Klam ခရိုင်တွင်  ဂိုဒေါင်ဟောင်းတစ်ခုအတွင်း ပုန်းခိုနေသည့်  မြန်မာနိုင်ငံသား (၃၃) ဦးနှင့် အလုပ်ပွဲစား (၂) ဦးတို့ကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။  

အဆိုပါဂိုဒေါင်ကို အလုပ်ပွဲစားများက  မလေးရှားနိုင်ငံသို့ ပို့မည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများအား ယာယီစခန်းချနေရာအဖြစ် အသုံးပြုနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့်မြန်မာနိုင်ငံသား (၃၃)ဦးအနက် (၁၁) ဦးမှာ စီးနင်းမှုမတိုင်မီ အချိန်အနည်းငယ်ကပ်၍ ဂိုဒေါင်သို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ မြန်မာအလုပ်ပွဲစား (၂) ဦးကိုပါ ဖမ်းမိသည့်အပြင် စီးနင်းမှုမတိုင်မီ ရောက်လာကြသည့် မြန်မာ (၁၁)ဦးကို ပို့ဆောင်ပေးသည့် ထိုင်းနိုင်ငံသား ဗင်ကားမောင်းသမား (၁)ဦးပါ အဖမ်းခံရကြောင်း သိရသည်၊

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သားများအား တစ်ဦးလျှင် ဘတ် (၁၂,၀၀၀)နှုန်းဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်းက ပြောကြားသည်ဟု သိရသည်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု ကတိပြုထားသည့် အလုပ်ပွဲစားများကို တစ်ဦးလျှင် ဘတ် (၄၅,၀၀၀) စီ ပေးခဲ့ကြရကြောင်း သိရသည်။



Source: Bangkok Post