ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ

ကနီမြို့နယ် ချင်းတွင်းမြစ်အတွင်း သောင်တင်နေသည့် စစ်ကောင်စီရေယာဉ် တိုက်ခိုက်ခံရ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ငါးဖျတ်အနီး ချင်းတွင်းမြစ်တွင် သောင်တင်နေသည့် စစ်ကောင်စီတပ်၏ အမြန်ရေယာဉ်နှစ်စီးကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ရေထဲခုန်ချထွက်ပြေးသွားကြပြီး ရိက္ခာများသိမ်းဆည်းရရှိခဲ့ကြောင်း DRPA တပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်၊ ည ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော ရိက္ခာတင် အမြန်ရေယာဉ်တစ်စီးနှင့် စစ်ကောင်စီတပ်သားများပါသည့် အမြန်ရေယာဉ်တစ်စီးတို့ မုံရွာမြို့မှ ဆန်တက်လာရာ ငါးဖျတ်အနီးတွင် သောင်တင်သွားခြင်းဖြစ်ကြောင်း သိရသည်။

သောင်တင်ကာရပ်တန့်နေချိန်တွင် DRPA နှင့် မဟာမိတ် KLG တပ်မဟာတို့ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ နှစ်နာရီခန့်ကြာတိုက်ပွဲဖြစ်ပြီး ရိက္ခာတင် ရေယာဉ်ပေါ်ပါလာသည့် စစ်ကောင်စီတပ်သားများ ရေထဲသို့ ခုန်ချကာ ထွက်ပြေးသွားကြကြောင်း သိရသည်။

 ရိက္ခာတင်အမြန်ယာဉ်ကို မဟာမိတ်အဖွဲ့က သိမ်းပိုက်ရရှိခဲ့ပြီး အမြန်ယာဉ်ပေါ်တွင် စစ်ကောင်စီတပ်သား နှစ်ဦး၏ အလောင်းကိုတွေ့ရကာ ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံး ၁ ပုံး၊ စစ်သုံးကျောပိုးအိတ် ၃ လုံး၊ ကျည်ကာအင်္ကျီများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများစီးနင်းလာသည့် ကျန်အမြန်ယာဉ်တစ်စီးမှာလည်း ငါးဖျတ်တွင် သောင်တင်နေဆဲဖြစ်ကြောင်း သိရသည်။