ကောလင်းစီးပွားရေးဘဏ်မှ ငွေကျပ် သန်း ၉၀၀ ကျော် သိမ်းဆည်းရရှိ၊ ကောလင်းစျေး ပြန်ဖွင့်ရန်နှင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် မကြာမီ စီမံပေးတော့မည်

ကောလင်းစီးပွားရေးဘဏ်မှ ငွေကျပ် သန်း ၉၀၀ ကျော် သိမ်းဆည်းရရှိ၊ ကောလင်းစျေး ပြန်ဖွင့်ရန်နှင့် ပြည်သူများ ပြန်လည်နေထိုင်နိုင်ရန် မကြာမီ စီမံပေးတော့မည်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်ငွေသန်း(၉၅၂.၃၄၃)အား လက်ခံသိမ်းဆည်းရရှိထားကြောင်း NUG ကြားကာလ ဗဟိုဘဏ်က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက်အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၉၅၂.၃၄၃)အား လက်ခံသိမ်းဆည်းရရှိထားကြောင်း တင်ပြခဲ့သည်။

ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင် ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် စနစ်တကျ စီမံခန့်ခွဲနေကြောင်း ထုတ်ပြန်ထားသည်။

 

"အုပ်ချုပ်ရေး၊ ပြန်လည်ထူထောင်ရေးကို မြင်ရတဲ့အနေအထားကတော့ သူတို့စျေးပြန်ဖွင့်ဖို့နဲ့ ပြည်သူ ပြန်လည်နေထိုင်ဖို့ကို မကြာခင် စီမံပေးတော့မယ့်လို့ အကြမ်းဖျင်းပဲသိထားရတယ်ဗျ။ စစ်ရေးမငြိမ်ရင် ပြန်ဝင်လို့မရတော့ စစ်ရေးကိုပဲအပြီးသတ်အောင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဝန်းသို ၁၂၀ တပ်ရင်းကနေ ဟောင်ဝှစ်ဇာနဲ့ လှမ်းပစ်လို့ ပြည်သူတွေမနေရဲတာပါ။ ပြည်သူတချို့လည်းရှိပါတယ်။ အကုန်မဝင်ရဲကြသေးတာပါ။ မြို့ရဲ့ ဆယ်ပုံပုံ တစ်ပုံပဲပြန်ဝင်ရဲကြတာ။ အခုတော့ တဖြည်းဖြည်းပြန်စည်ကားလာပါပြီဗျ။"ဟု Kawlin Revolution-KRမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အမှတ် (၁)စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency