ကျိုက်ထိုတွင် ဆိုင်ကယ်ချင်းချိတ်မိရာက စစ်ကောင်စီတပ်သားများက အရပ်သားတစ်ဦးကို သတ်ဖြတ်

ကျိုက်ထိုတွင် ဆိုင်ကယ်ချင်းချိတ်မိရာက စစ်ကောင်စီတပ်သားများက အရပ်သားတစ်ဦးကို သတ်ဖြတ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ်သားများက ၎င်းတို့ဆိုင်ကယ်နှင့် ချိတ်မိသည့် ဆိုင်ကယ်မောင်း အရပ်သားတစ်ဦးကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့က သတ်ဖြတ်လိုက်ကြောင်း KNUက ယနေ့ ဇူလိုင်လ (၂၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ သိမ်ဇရပ်အခြေစိုက် အမြောက်တပ်(၃၁၀)မှ အရပ်ဝတ် တပ်သား(၂)ဦးသည် သိမ်ဇရပ်ဈေးမှ စျေးဝယ်ပြီးပြန်လာသည့် အရပ်သားတစ်ဦး၏ ဆိုင်ကယ်နှင့်ချိတ်မိပြီး ဆိုင်ကယ်ကာဗာ အနည်းငယ်ထိခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် စောချစ်လေးမှ စစ်ကောင်စီတပ်သား(၂)ဦး၏ ဆိုင်ကယ်အား ပြန်လည်ပြုပြင်ပေးခဲ့ပြီး စျေးထုပ်များကို ဆိုင်ကယ်ပေါ်ပြန်တင်ကာ အိမ်ပြန်ရန် ပြင်ဆင်နေချိန် ခဏအကြာတွင် ၎င်းစစ်ကောင်စီ တပ်သား(၂)ဦးက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

သတ်ဖြတ်ခံရသူ စောချစ်လေးမှာ ကျောက်ဖျာကျေးနယ်၊ တဝေါသော(ရွာသစ်)ကျေးရွာမှ အသက် (၂၅)နှစ်အရွယ်ဖြစ်ပြီး ဇူလိုင်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်ဆေးရုံ၌ အလောင်းအား ခန္ဓာကိုယ်တစ်ခုလုံး ညိုမဲစွဲဒဏ်ရာများဖြင့် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီတပ်သား(၂)ဦးက စောချစ်လေး၏ ငွေကျပ်(၆)သိန်းခန့်နှင့် ဖုန်းတစ်လုံး၊ ဆိုင်ကယ် (၁)စီးတို့ကို ယူဆောင်သွားပြီး ရဲစခန်း၌ ငွေကျပ်(၂)သိန်းခန့်သာ ပြန်ပေးခဲ့သည်ဟု သိရသည်။

စောချစ်လေးတွင် ဇနီးသည်နှင့် ကလေး(၂)ဦး ကျန်ရစ်ခဲ့ပြီး ၎င်းသည် ကျောက်ဖျာကျေးနယ် တဝေါသောရွာ၌ အိမ်ဆိုင်ဖွင့်ကာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံတပ်များသည် ဇူလိုင်လ  (၁၆)ရက်နေ့ကလည်း ဝင်းကလောကျေးနယ်နှင့် ငှက်ပျောတောကျေးနယ်အတွင်း စစ်ကြောင်းထိုးကာ ပြည်သူပိုင် ပစ္စည်းများအား ယူဆောင်ကာ အရပ်သား (၃)ဦးကိုလည်း သတ်ဖြတ်အလောင်းဖျောက်ခဲ့သေးသည်။

#TachileikNewsAgency

Photo : KNU-Doo Tha Htu District