ကင်မ်ဂျုံအန်က  မြောက်ကိုရီးယားစစ်တပ်၏ နံပါတ် (၂) အကြီးအကဲဖြစ်သူကို ရာထူးမှ ထုတ်ပယ်

ကင်မ်ဂျုံအန်က  မြောက်ကိုရီးယားစစ်တပ်၏ နံပါတ် (၂) အကြီးအကဲဖြစ်သူကို ရာထူးမှ ထုတ်ပယ်
By Tachileik News Agency

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က နိုင်ငံ၏စစ်တပ်တွင် ၎င်းပြီးလျှင် အာဏာအရှိဆုံး ဒုတိယအကြီးအကဲကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း အစိုးရသတင်းဌာန KCNA က သတင်းထုတ်ပြန်သည်။ 

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ (Workers' Party) ၏ ဗဟိုစစ်ကော်မရှင် Central Military Comission ဒုတိယဥက္ကဌနှင့် ပါတီဗဟိုကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ Pak Jong Chon ကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် Ri Yong Gil ကို Pak ၏ နေရာအတွက် အစားထိုး ခန့်အပ်ခဲ့ကြောင်း KCNA က ဇန်နဝါရီလ (၁) ရက်နေ့၌ ဖော်ပြသည်။ 

ယင်းသို့ အပြောင်းအလဲ လုပ်ဆောင်မှု၏ အကြောင်းရင်းကိုမူ မြောက်ကိုရီးယား အစိုးရသတင်းဌာနက ဖေါ်ပြခြင်းမရှိသည်ကို တွေ့ရသည်။

မြောက်ကိုရီးယားက ၎င်း၏ ထိပ်တန်းခေါင်းဆောင်ပိုင်းကို ပုံမှန်ပြောင်းလဲလေ့ရှိပြီး နှစ်ကုန်ပိုင်းတွင် ပြုလုပ်သည့် ပါတီအစည်းအဝေး၌ ရာထူးအပြောင်းအလဲများနှင့် အဓိက မူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်များကို ကြေညာလေ့ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြမှုအရ ပါတီအစည်းအဝေးအတွင်း စင်မြင့်ရှေ့ရှိ ခုံတန်းတွင် ခေါင်းငုံ့လျက် ထိုင်နေသည့် Pak ကို တွေ့ရပြီး အခြား ပါတီဝင်များက ရာထူးအပြောင်းအလဲကို လက်ထောင်ပြီး မဲပေးထောက်ခံခဲ့ကြသည်ကို တွေ့ရသည်။ 

နောက်ပိုင်းတွင်မူ Pak ၏ ထိုင်ခုံလွတ်နေသည်ကိုလည်း တွေ့ရသည်။



ထို့အတူ ဇန်နဝါရီလ (၁) ရက်နေ့တွင် ကင်မ်ဂျုံအန်က ၎င်း၏ ဖခင်နှင့်အဘိုးတို့ကို မြှုပ်နှံထားရာ Kumsusan Palace of the Sun အဆောက်အအုံသို့ သွားရောက်ဂါရဝပြုသည့် သတင်းကို KCNA က ဖော်ပြခဲ့သော သတင်းဓာတ်ပုံများ၌လည် Pak ကို မတွေ့ရဟု ဆိုသည်။



၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်း ပါတီနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ထိုအဆောက်အအုံသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် သွားရောက်ခဲ့ရာတွင်မူ Pak ကို အတူတကွ တွေ့ခဲ့ရသည်။ 



ကင်မ်ဂျုံအန်က ဥက္ကဌဖြစ်သည့် အလုပ်သမားပါတီ၏ ဗဟိုစစ်ကော်မရှင်မှာ စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်နေသည့် မြောက်ကိုရီးယားနိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့အစည်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၏ အထက်တွင်ရှိသည်။



ကင်မ်ဂျုံအန်က နိုင်ငံ၏ ၂၀၂၃ ခုနှစ် ကာကွယ်ရေးမဟာဗျူဟာအဖြစ် အမေရိကန်နှင့် တောင်ကိုရီးယားကို တန်ပြန်အန်တုရန် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်များ ထုတ်လုပ်ရေးနှင့် နျူကလီးယားလက်နက်တိုက် ပိုမိုကြီးမားရေး လုပ်ဆောင်ကြရန် ပြောကြားခဲ့ပြီးနောက် စစ်တပ်၏ ဒုတိယအာဏာအရှိဆုံး ရာထူးနေရာ အစားထိုး ခန့်အပ်မှုရှိလာခဲ့ခြင်း ဖြစ်သည်။



ရာထူးမှ ထုတ်ပယ်ခံရသည့် Pak မှာ ၂၀၁၅ ခုနှစ်က ကြယ်တစ်ပွင့် အမြောက်တပ်အရာရှိမှ ၂၀၂၀ ခုနှစ်တွင် ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဖြစ် စစ်ဘက်ရာထူး လျင်မြန်စွာ တက်လာခဲ့သူဖြစ်ပြီး မြောက်ကိုရီးယား၏ တာတိုပစ်ဒုံးကျည်နည်းပညာ တိုးတက်စေရန် ဆောင်ရွက်မှုအတွက် မှတ်တမ်းကောင်းရှိသူဖြစ်သည်။



 ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် Pak က အလုပ်သမားပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားစစ်တပ်တွင် ကင်မ်ဂျုံအန်ပြီးလျှင် ဒုတိယအမြင့်ဆုံး ရားထူသို့ တိုးမြှင့်ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။



သို့သော် အခြား ထိပ်တန်းစစ်ဘက်အရာရှိ အများစုကဲ့သို့ပင် Pak မှာ ကင်မ်ဂျုံအန်၏ လက်အောက်တွင် အနိမ့်အမြင့် အတက်အကျများ အကြိမ်ကြိမ် ကြုံခဲ့ရခြင်းဖြစ်သည်။



ကင်မ်ဂျုံအန်က နိုင်ငံအတွင်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးနှင့် ပတ်သက်၍ အစိုးရအရာရှိအချို့ကို ဝေဖန်ပြစ်တင်ခဲ့ပြီးနောက် Pak ကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ယာယီ ရာထူးချထားခဲ့သေးပြီး လပိုင်းအကြာတွင် ရာထူးပြန်တိုးပေးခဲ့ကြောင်း သိရသည်။

Source: Reuters