ယူကရိန်းနိုင်ငံတောင်ပိုင်း အဓိကျသည့် Kherson မြို့မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာ

ယူကရိန်းနိုင်ငံတောင်ပိုင်း အဓိကျသည့် Kherson မြို့မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာ
By Mr John

ရုရှားက ဖေဖေါ်ဝါရီလ ကျူးကျော်မှုကတည်းက သိမ်းပိုက်ထားသည့် ယူကရိန်းနိုင်ငံတောင်ပိုင်း အဓိကကျသည့် Kherson မြို့မှ ၎င်းတို့၏ တပ်ဖွဲ့များ ပြန်ဆုတ်ခွာရန် ရုရှားစစ်တပ်က အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရုရှားစစ်တပ်ခေါင်းဆောင်တစ်ဦးက အသိပေးထုတ်ပြန်သည်။ 

အဆိုပါမြို့ရှိ တပ်ဖွဲ့ကို ဆက်လက်ပံ့ပိုးထားရန် မဖြစ်နိုင်တော့၍ ဆုတ်ခွာခြင်းဖြစ်ကြောင်း ယူကရိန်းရှိ ရုရှားတပ်မှူး ဗိုလ်ချုပ်ကြီး Sergei Surovikin က ဆိုသည်။ 

ယင်းသို့ ဆုတ်ခွာမိန့်မှာ ဒီနီပရိုမြစ် (River Dnipro) အနောက်ဘက်ကမ်းမှ ရုရှားတပ်ဖွဲ့များအားလုံး ဆုတ်ခွာသွားရခြင်းဖြစ်ကြောင်း သိရသည်။ 

Kherson မြို့မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားရခြင်းမှာ ယူကရိန်း၏ တန်ပြန်ထိုးစစ်ကို ရုရှားတပ်များ ရင်ဆိုင်နေရသည့်အခြေအနေအား သိသာထင်ရှားစေသည့် ထိုးနှက်ချက်တစ်ခုလည်းဖြစ်သည်။

ယင်းသို့ ဆုတ်ခွာရမည့်အခြေအနေကို ရုရှားထိပ်ပိုင်းစစ်ခေါင်းဆောင်က နိုင်ငံပိုင်ရုပ်သံသတင်းမှတစ်ဆင့် ကြေညာခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရုရှားသမ္မတကို မတွေ့ကြရကြောင်း သိရသည်။

ယူကရိန်းအပေါ် မအောင်မြင်သည့် ကျူးကျော်စစ်ကို ဖန်တီးခဲ့သည့် သမ္မတက ၎င်း၏တပ်များ ပြန်လည်ဆုတ်ခွာရမည့်သတင်းအား ၎င်း၏ဗိုလ်ချုပ်ကြီးမှတစ်ဆင့် ကြေညာခိုင်းခဲ့ခြင်းဖြစ်သည်။

"ဒီအခြေအနေတွေမှာ အဖြစ်သင့်ဆုံး ရွေးချယ်မှုက ဒီနီပရိုမြစ်ကြောင်းတစ်လျှောက် ခံစစ်စုဖွဲ့ထားဖို့ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ကြီး Surovikin က ထိပ်တန်းစစ်တပ်ခေါင်းဆောင်များနှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ 

ယာဥ်တိုက်မှုတစ်ခုအတွင်း ရုရှားခန့်အပ်ထားသည့် Kherson နယ်မြေ လက်ထောက်အုပ်ချုပ်ရေးမှူး Kirill Stremousov သေဆုံးသွားကြောင်း ရုရှားမီဒီယာက ဖော်ပြခဲ့ပြီးနောက် မကြာမီမှာပင် တပ်ဖွဲ့များ ဆုတ်ခွာမည့်ကြေညာချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

"ရန်သူက ကျွန်တော်တို့ကို လက်ဆောင်ပေးတာမဟုတ်သလို စိတ်စေတနာကောင်းနဲ့ လုပ်သွားတာလည်း မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ လုံးဝအနိုင်ရလိုက်တာ။ ဒါကြောင့် စိတ်ခံစားမှုတွေမပါဘဲ မလိုအပ်တဲ့ စွန့်စားမှုတွေ မလုပ်ဘဲ သတိကြီးကြီးနဲ့ ဆက်ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နယ်မြေအားလုံး လွတ်လပ်ရေးလုပ်ရမှာဖြစ်သလို ဆုံးရှုံးမှု နည်းနိုင်သမျှ အနည်းဆုံးလည်းဖြစ်အောင် လုပ်ရမယ်"ဟု ယူကရိန်းသမ္မတက ရုရှား၏ အဆိုပါကြေညာချက်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင်ပြောကြားသည့် မိန့်ခွန်းဖြင့် တုန့်ပြန်သည်။

လတ်တလော သီတင်းပတ်များအတွင်း ယူကရိန်းတပ်ဖွဲ့များ ရှေ့သို့စစ်ချီတက်မှု နှေးလာသော်လည်း ဒီနီပရိုမြစ်ကိုဖြတ်ရသည့် ရုရှား၏ ထောက်ပို့လမ်းကြောင်းများမှာ ပိုမိုခက်ခဲလာနေခြင်းဖြစ်ကြောင်း သိရသည်။

ဒီနီပရိုမြစ်ကို ဖြတ်သန်းသည့် တံတားများမှာလည်း ယူကရိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရာ ရုရှားတပ်ဖွဲ့များအတွက် ထောက်ပို့လမ်းကြောင်းများ ပိုမိုခက်ခဲလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Kherson မြို့မှ ၎င်း၏တပ်ဖွဲ့များ မဆုတ်ခွာမီ ရုရှားက ထောင်နှင့်ချီသည့် မြို့ခံများကို ရွှေ့ပြောင်းစေခဲ့ရာ ထိုလုပ်ရပ်က အရပ်သားများကို အတင်းအကျပ် နှင်ထုတ်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ယူကရိန်းဘက်က စွပ်စွဲထားသည်။ 

စစ်ပွဲမတိုင်မီက လူဦးရေ (၃)သိန်းနီးပါး နေထိုင်ကြသည့် Kherson မြို့မှာ ပြီးခဲ့သည့် (၄၈) နာရီအတွင်း လျှပ်စစ်ဓာတ်အားနှင့် ရေပြတ်တောက်နေခဲ့ပြီးနောက် အေးစက်ပြီး မှောင်မဲနေကြောင်း ယူကရိန်းနှင့်ရုရှား နှစ်ဘက်လုံးက နိုဝင်ဘာလ (၈) ရက်တွင် ပြောထားသည်။

Source: BBC