ကမ္ဘာကြီးကို ကာကွယ်ရန် NASA အာကာသယာဥ်က ဂြိုဟ်သိမ်တစ်ခုကို ဝင်တိုက်ပြီး လက်တွေ့စမ်းသပ်မည်

ကမ္ဘာကြီးကို ကာကွယ်ရန် NASA အာကာသယာဥ်က ဂြိုဟ်သိမ်တစ်ခုကို ဝင်တိုက်ပြီး လက်တွေ့စမ်းသပ်မည်
စက်တင်ဘာ 27, 2022 | နိုင်ငံတကာသတင်း
By Mr John

ကမ္ဘာကြီးကို ကာကွယ်ရန် မစ်ရှစ်တစ်ခု၏ အစိတ်အပိုင်းအဖြစ် အမေရိကန်စံတော်ချိန် ယနေ့ စက်တင်ဘာလ (၂၆) ရက် ညပိုင်းတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုကို အာကာသယာဥ်ဖြင့် ဝင်တိုက်ဖျက်ဆီးသွားမည်ဟု အမေရိကန်အာကာသအေဂျင်စီ NASA က ပြောထားကြောင်း Mirror သတင်းက ဖော်ပြသည်။ 

Dimorphos အမည်ရှိ အဆိုပါ ဂြိုဟ်သိမ်ဂြိုဟ်မွှားမှာ ကမ္ဘာမြေအတွက် ခြိမ်းခြောက်မှု မဟုတ်သော်လည်း NASA မစ်ရှင်၏ ရည်ရွယ်ချက်မှာ ကမ္ဘာလေထုအတွင်းသို့ ဝင်ရောက်လာသည့် အန္တရာယ်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည်  ၎င်းတို့ကို တမင်ရည်ရွယ်ဝင်တိုက်ခြင်းဖြင့် လမ်းကြောင်းလွှဲနိုင်ကြောင်း လက်တွေ့ပြရန်ဟု ဆိုသည်။

Double Asteroid Redirection Test (DART) ဟုခေါ်သည့် အာကာသယာဥ်က ပေ (၅၆၀) ကျယ်သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားကို စက်တင်ဘာလ (၂၆) ရက်နေ့ ညသန်းခေါင်ကျော်ပြီး (၁၄) မိနစ်တွင် ဝင်တိုက်မည်ဟု ခန့်မှန်းထားသည်။ ( မြန်မာစံတော်ချိန်  စက်တင်ဘာလ(၂၇)ရက်နေ့ နံနက်( ၁၁ )နာရီ ဝန်းကျင် )

Dimorphos ဂြိုဟ်သိမ်ဂြိုဟ်မွှားမှာ ပိုမိုကြီးမားသည့် Didymos ဂြိုဟ်သိမ်ဂြိုဟ်မွှားကို လှည့်ပတ်နေပြီး တစ်ကြိမ်လှည့်ပတ်ရန် (၁၁) နာရီနှင့် (၅၅) မိနစ်ကြာသည်ဟု သိရသည်။

"Dart အာကာသယာဥ်ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားက ကမ္ဘာမြေကို ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာကိုဦးတည်လာတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို ယခု နည်းလမ်းဖြင့် လမ်းကြောင်းလွှဲနိုင်ခြင်းရှိ မရှိ ပြီးပြည့်စုံသည့် လက်တွေ့သရုပ်ပြ စမ်းသပ်မှုဖြစ်ပါတယ်။ အကယ်၍ အနာဂတ်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ကမ္ဘာကိုဝင်တိုက်ရန် ဦးတည်လာပါက ကမ္ဘာကိုကာကွယ်ရန် ယခုနည်းလမ်းက အလားအလာရှိသည့် နည်းလမ်းဖြစ်ပါတယ်" ဟု NASA က ပြောသည်။

လက်ရှိတွင် ကမ္ဘာပတ်လမ်းကြောင်းအနီး တစ်နေရာရာတွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားပေါင်း (၂၇,၀၀၀) ခန့်ရှိနေသည်ဟု ဆိုသည်။ 

ကမ္ဘာနှင့် မိုင်ပေါင်း (၄.၇) သန်း ပိုနီးလာပြီး အရွယ်အစားအားဖြင့် ပေ (၄၆၀) နှင့်အထက် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို အန္တရာယ်ရှိနိုင်ကြောင်း သတ်မှတ်ထားသည်။ 

ယခု ပြုလုပ်သွားမည့် Dart မစ်ရှင်မှာ ဂြိုဟ်သိမ်ဂြိုဟ်မွှားကို လမ်းကြောင်းလွှဲသည့် နည်းပညာအား ပထမဆုံးအကြိမ် အပြည့်အဝ လက်တွေ့သရုပ်ပြ စမ်းသပ်မှုဖြစ်လာမည်ဟု ဆိုသည်။ 

Dart အာကာသယာဥ်က မကြာသေးမီကာလအတွင်း Didymos နှင့် Dimorphos တို့၏ ပုံရိပ်များကို ရိုက်ကူးခဲ့ကြောင်းလည်း သိရသည်။

Source: Mirror