ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာများနှင့် လူမှောင်ခိုသွင်းသည့်အဖွဲ့ ဖမ်းဆီးခံရ

Photo: Piyarat Chongcharoen
Photo: Piyarat Chongcharoen
ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာများနှင့် လူမှောင်ခိုသွင်းသည့်အဖွဲ့ ဖမ်းဆီးခံရ
By Mr John

ထိုင်းနိုင်ငံ ဆန်ခလာဘူရီခရိုင်အတွင်းရှိ နေအိမ်တစ်အိမ်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၁၉) ဦးနှင့် ၎င်းတို့ကို လူမှောင်ခိုသွင်းခဲ့သည့် ထိုင်းအမျိုးသား (၆) ဦးအား ရဲတပ်ဖွဲ့က ဇွန်လ (၂၅) ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ခေါ်ဆောင်လာပြီး ထိုင်းနိုင်ငံအတွင်းပိုင်း နေရာများသို့ ပို့ဆောင်ရန် စောင့်ဆိုင်းနေကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့၊ စစ်သားများနှင့် လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပါဝင်ကြသည့် ပူးပေါင်းအဖွဲ့က Prang Phle နယ်မြေ Tikhrong ကျေးရွာရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြကြောင်း ဆန်ခလာဘူရီ ရဲတပ်ဖွဲ့အကြီးအကဲ Thanakorn Rodthong က ပြောသည်။

ရှာဖွေဖမ်းဆီးရေး ပူးပေါင်းအဖွဲ့က ထိုနေအိမ်ထဲတွင် အမျိုးသား (၁၂) ဦးနှင့် အမျိုးသမီး (၇) ဦးကို တွေ့ရှိခဲ့ကြပြီး ၎င်းတို့အားလုံးမှာ မြန်မာနိုင်ငံဘက်မှ တရားမဝင် ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

 မြန်မာရွှေ့ပြောင်းလုပ်သားများကို ထိုင်းနိုင်ငံအတွင်းသို့ ခေါ်ဆောင်လာခဲ့သူ Pui ဟုသာ အမည်ဖော်ပြထားသည့် ထိုင်းအမျိုးသားနှင့် ၎င်း၏ လက်ထောက် (၅) ဦးကိုလည်း ထိုနေ‌အိမ်၌ပင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့က စာအုပ်တစ်အုပ်ထဲတွင် ဝှက်ထားသည့် ထိုင်းဘတ်ငွေ (၅၃,၆၆၀)၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် မိုးဘိုင်းဖုန်း (၅) လုံးကို ထိုနေအိမ်မှ သိမ်းဆည်းရမိခဲ့သည်။ 

စစ်ဆေးမေးမြန်းမှုအရ ထိုင်းအမျိုးသား Pui က ၎င်းသည် အလုပ်ပွဲစားတစ်ဦးဖြစ်ပြီး ၎င်း၏ ကြံရာပါ (၅) ဦးနှင့်အတူ မြန်မာနိုင်ငံသားများကို ဆန်ခလာဘူရီ (Sangkhla Buri) ခရိုင်နှင့် နယ်နမိတ်ချင်း ထိစပ်နေသော မြန်မာဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့မှ ထိုင်းနိုင်ငံအတွင်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရန် မော်တော်ဆိုင်ကယ်နှင့် လှေများကို အသုံးပြုခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် လာရောက်ခေါ်ဆောင်မည့်ကားကို စောင့်ဆိုင်းနေစဥ်အတွင်း ၎င်း၏အိမ်တွင် ခေါ်ဆောင်ထားခဲ့ကြောင်း Pui က ပြောသည်။ 

ရွှေ့ပြောင်းလုပ်သားတစ်ဦးအတွက် ဘတ် (၃၂,၀၀၀) ရရှိသည်ဟု ၎င်းက ထွက်ဆိုခဲ့သည်။

တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို မေးမြန်းခဲ့ရာ ၎င်းတို့မှာ မြန်မာနိုင်ငံ၏ ပြည်နယ်အသီးသီးမှဖြစ်ကြပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ထွက်လာခဲ့ကြကြောင်း ပြောသည်။ 

မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်ငြိမ်မှုနှင့် အလုပ်အကိုင် မရှိမှုတို့က ထိုင်းနိုင်ငံတွင် ပိုမိုကောင်းမွန်သည့်ဘဝအတွက် စွန့်စားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်ရန် တွန်းအားဖြစ်စေခဲ့ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားများက ဖွင့်ဟပြောကြသည်။

ထို့နောက် ဖမ်းဆီးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားအုပ်စုနှင့် ထိုင်းအမျိုးသားများကို တရားဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်ရန် ဆန်ခလာဘူရီခရိုင် တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။ 

ဇွန်လ (၂၄) ရက်နေ့ကလည်း လုံခြုံရေးဌာနများနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကြသည့် ပူးပေါင်းကင်းလှည့်အဖွဲ့က ဆန်ခလာဘူရီနှင့် Thong Pha Phum ခရိုင်တို့ရှိ နယ်စပ်ဧရိယာအတွင်း နေရာ (၅) ခု၌ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား (၃၇) ဦးကို ဖမ်းမိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားသည်။

Source: Bangkok Post