လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြောင့် ခရီးသည် (၆) သောင်း‌ကျော်သောင်တင်သွားသည့် မနီလာလေဆိပ် ခရီးစဉ်များ ပြန်လည်စတင်

လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကြောင့် ခရီးသည် (၆) သောင်း‌ကျော်သောင်တင်သွားသည့် မနီလာလေဆိပ် ခရီးစဉ်များ ပြန်လည်စတင်
By Tachileik News Agency

ဖိလစ်ပိုင်နိုင်ငံ၏ အဓိကလေဆိပ်တစ်ခုတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့က လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြောင့် လေယာဥ်ခရီးစဥ် (၃၀၀) ကျော် ခရီးစဉ်များရပ်ဆိုင်းခဲ့ရပြီး လက်ရှိတွင် ဓါတ်အားပြန်လည်ရရှိသွားပြီဖြစ်သော်လည်း ခရီးစဉ်များ ကမောက်ကမဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။

 မနီလာလေဆိပ်ဟု လူသိများသည့် Ninoy Aquino အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နှစ်သစ်ကူးနေ့ ဒေသစံတော်ချိန် နံနက် (၉)နာရီ (၄၉)မိနစ်တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားခဲ့ပြီး ဆက်သွယ်ရေးစနစ်၊ ရေဒီယို၊ ရေဒါနှင့် အင်တာနက်ပြတ်တောက်သွားသဖြင့် လေကြောင်းထိန်းစနစ်အလုပ်မလုပ်နိုင်ဘဲဖြစ်သွားကာ လေဆိပ်ကို အဆင်း၊ အတက်ခရီးစဉ်အားလုံး ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ညနေ (၄)နာရီအချိန်တွင် လုပ်ငန်းအချို့ ပြန်လည်စတင်လာနိုင်ပြီး ညနေ (၅)နာရီ (၅၀)မိနစ်ဝန်းကျင်တွင် လေဆိပ်လုပ်ငန်းများ အပြည့်အဝပြန်လည်လည်ပတ်နိုင်ခဲ့သည့်တိုင်အောင် ယာယီရပ်ဆိုင်းလိုက်ရသည့် ခရီးစဉ်များကြောင့် ကမောက်ကမဖြစ်နေရဆဲဖြစ်ကြောင်း သိရသည်။



လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဇန်နဝါရီလ (၁) ရက်နေ့က လေယာဥ်ခရီးစဥ် (၃၆၁) ခု နှောင့်နှေးကြန့်ကြာမှု၊ ဖျက်သိမ်းရမှုနှင့် အခြား ဒေသတွင်း လေဆိပ်များသို့ လမ်းကြောင်းပြောင်းလဲရမှုများရှိခဲ့ပြီး ခရီးသည် (၆၅,၀၀၀) လေဆိပ်တွင် သောင်တင်ခဲ့ကြရခြင်းဖြစ်သည်ဟု သိရသည်။

 Ninoy Aquino လေဆိပ်မှာ တစ်နာရီလျှင် လေယာဥ်ခရီးစဥ် (၁၅) ခုအထိ အတက်အဆင်းရှိနေသည့်လေဆိပ်ကြီးဖြစ်ရာ

ဇန်နဝါရီလ (၁) ရက်နေ့က လေဆိပ်၏ အဆောင် (၄) ခုတွင် လူအပြည့်ဖြစ်နေခဲ့ပြီး လေယာဥ်ခရီးစဥ်များအတွက် ကြိုတင်စာရင်းသွင်းရန် ကြိုးပမ်းနေကြသည့် လူတန်းရှည်ကြီး ဖြစ်ခဲ့ရသည်ဟု သိရသည်။

လေဆိပ်တာဝန်ရှိသူများက ၎င်းတို့၏ချို့ယွင်းမှုမှာ အစိုးရက ကပ်ရောဂါတုန့်ပြန်ရေးကိုသာ အလေးထားလုပ်ဆောင်နေပြီး လေဆိပ်အတွက် ဘတ်ဂျက်ခွင့်ပြုရန် နှောင့်နှေးမှု၏အကျိုးဆက်ဖြစ်သည်ဟု ဆိုထားသည်။

Ninoy Aqino လေဆိပ်မှာ ခရီးသည်များအတွက် လေယာဥ်ခရီးစဥ် အဆင်မပြေမှုများကြောင့် ကမ္ဘာ့အဆိုးဆုံး အပြည်ပြည်ဆိုင်ရာလေဆိပ်များအနက် ပါဝင်နေခြင်းဖြစ်သည်။

ဖိလစ်ပိုင်အာဏာပိုင်များက Cavite နှင့် Bulacan အပါအဝင် မနီလာမြို့ ပတ်ဝန်းကျင်ရှိ ပြည်နယ်များတွင် လေဆိပ်များ တည်ဆောက်နေပြီး ၂၀၂၇ ခုနှစ်တွင် ဝန်ဆောင်မှုများ စတင်ရန် သတ်မှတ်ထားကြောင်း သိရသည်။

Source: Philippine Star, Reuters, CNN