ယူကရိန်း ရထားဘူတာရုံကို ရုရှားတပ်ဖွဲ့ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ(၅၀)ထက် မနည်း သေဆုံး 

Photo: Fadel Senna /AFP
Photo: Fadel Senna /AFP
ယူကရိန်း ရထားဘူတာရုံကို ရုရှားတပ်ဖွဲ့ဘက်က ဒုံးကျည်ဖြင့် ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူ(၅၀)ထက် မနည်း သေဆုံး 
By Mr John

ယူကရိန်းအရှေ့ပိုင်းရှိ ရထားဘူတာရုံတစ်ခုကို ရုရှားတပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ဒုံးကျည်ထိမှန်ခဲ့မှုအတွင်း လူ (၅၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၉၈) ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက ပြောသည်။ ဒဏ်ရာရသူတွေအနက် အများအပြားက ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ဧပြီ (၈) ရက် အစောပိုင်းက Kramatorsk မြို့ရှိ ဘူတာရုံတွင် ရထားဖြင့် စစ်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသည့် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ စုပြုံရှိနေစဥ် ဒုံးကျည်ထိမှန်ခဲ့ခြင်း ဖြစ်သည်။

ဘူတာရုံကို အားပြင်းသည့် ဒုံးကျည်များ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေက အရပ်သားများကို တမင်ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သမ္မတဗိုလိုဒီမြာဇီလန်စကီးက ပြောဆိုခဲ့သည်။ "ဒါက အကန့်အသတ်မရှိတဲ့ ဆိုးယုတ်မှုပဲ။ ဒါကို အပြစ်မပေးဘူးဆိုရင် ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး" လို့ သမ္မတဇီလန်ကီးက ပြောသည်။

ရုရှားအစိုးရသတင်းဌာန RIA ကမူ ဘူတာရုံကို ထိမှန်ခဲ့သည့် ဒုံးကျည်မှာ ယူကရိန်းစစ်တပ်က အသုံးပြုသည့် ဒုံးကျည်များသာဖြစ်ပြီး ရုရှားစစ်တပ်က Kramatorsk မြို့တွင် မည်သည့်ပစ်မှတ်ကိုမျှ သတ်မှတ်ညွှန်ကြားထားခြင်းမရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြသည်။ 

ဘူတာရုံကို ဒုံးကျည်ထိမှန်ခံရမှုအတွင်း သေဆုံးခဲ့များအနက် အနည်းဆုံး ကလေးငယ် (၁၀) ဦး ပါဝင်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မျက်မြင်တွေ့ရှိခဲ့သူတွေက BBC ကို ပြောကြားမှုအရ ဒုံးကျည်ထိမှန်ခံရစဥ် ဘူတာရုံတွင် လူ ၁,၀၀၀ ခန့် စုပြုံရှိနေခဲ့ကြောင်းလည်း သိရသည်။ Kramatorsk မြို့တော်ဝန် Oleksander Honcharenko ၏ အစောပိုင်း ပြောကြားမှုအရမူ ဒုံးကျည်ထိမှန်ခံရစဥ် ဘူတာရုံတွင် လူ ၄,၀၀၀ ခန့်ရှိနေခဲ့သည်ဟု ဆိုသည်။

Source: Reuters, BBC