မျောက်ကျောက်ရောဂါ ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်ရန် WHO အရှေ့တောင်အာရှရုံးက တိုက်တွန်း

မျောက်ကျောက်ရောဂါ ကာကွယ်ရေး တိုးမြှင့်လုပ်ဆောင်ရန် WHO အရှေ့တောင်အာရှရုံးက တိုက်တွန်း
By Mr John

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Helath Organization (WHO) ၏ အရှေ့တောင်အာရှဒေသဆိုင်ရာရုံးက ဒေသတွင်း နိုင်ငံများအနေဖြင့် မျောက်ကျောက်ရောဂါအတွက် စောင့်ကြည့်မှုများနှင့် အများပြည်သူကျန်းမာရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။ 

WHO က မျောက်ကျောက်ရောဂါ (monkeypox) ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီးနောက် WHO အရှေ့တောင်အာရှရုံးက ထိုသို့ တိုက်တွန်းလိုက်ခြင်းလည်းဖြစ်သည်။

ကူးစက်မှုတားဆီးရေးနှင့် ဆေးရုံ၊ ဆေးခန်းများတွင် ထိန်းချုပ်ရေးတို့နှင့်အတူ ကာကွယ်ဆေးသုတေသန အရှိန်မြှင့်ဆောင်ရွက်ရန်တို့မှာ WHO ၏ အရှေ့ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Poonam Khetrapal Singh က ဇူလိုင်လ (၂၄) ရက် သတင်းထုတ်ပြန်ချက်တွင် အကြံပြုထားသော အစီအမံများအတွင် ပါဝင်သည်။

WHO ၏ အချက်အလက်များအရ ကမ္ဘာ့နိုင်ငံ (၇၅) ခုတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု (၁၆,၀၀၀) ကျော် တွေ့ရှိထားပြီး သေဆုံးသူ (၅) ဦးရှိခဲ့ကြောင်း နှင့် အရှေ့တောင်အာရှဒေသတွင်း ထိုင်းနိုင်ငံတွင် တစ်ဦးနှင့် အိန္ဒိယနိုင်ငံတွင် (၄) ဦး  မျောက်ကျောက်ရောဂါ ကူးစက်မှု (၅) ဦး တွေ့ရှိထားကြောင်း သိရသည်။ 

WHO က သတ်မှတ်ထားသည့် အရှေ့တောင်အာရှဒေသအုပ်စုတွင် နိုင်ငံ (၉) နိုင်ငံပါဝင်ရာ ဘူတန်၊ မြောက်ကိုရီးယား၊ အင်ဒိုနီးရှား၊ မော်လ်ဒိုက်၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် အရှေ့တီမောတို့ ဖြစ်ကြသည်။

မျောက်ကျောက်ရောဂါကို ယခင်က အာဖရိကတွင်သာ အဓိက တွေ့ရှိခဲ့ရသော်လည်း ယခုနှစ် မေလမှစပြီး အာဖရိကပြင်ပ အထူးသဖြင့် ဥရောပတွင် ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လာခဲ့ပြီး မျောက်ကျောက်ရောဂါ၏ လက္ခဏာမှာ ကိုယ်ပူချိန်မြင့်တက်ခြင်း အပါအဝင် ကနဦးလက္ခဏာများ ဖြစ်ပေါ်လာပြီးနောက် အဖုအပိမ့်များ လျင်မြန်စွာ ထွက်ပေါ်လာကြောင်း သိရသည်။

ထိုရောဂါကူးစက်ခံရသူများ၏  လက်နှင့်မျက်နှာတွင် ရေကျောက်ကဲ့သို့ အဖုအပိမ့်များ ထွက်လာသော်လည်း မျောက်ကျောက်ရောဂါ လက္ခဏာများမှာ များသောအားဖြင့် (၂) ပတ်မှ (၄) ပတ်ကြာပြီးနောက် ကင်းရှင်းသွားပြီး ပုံမှန်အားဖြင့် သေစေနိုင်ခြင်းမရှိဟု သိရသည်။ 

လူများတွင် မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှုကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း အာဖရိကတိုက် အလယ်ပိုင်းရှိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်။

Source: CNA