တရုတ်အာကာသ စခန်းသစ်သို့ အာကာသယာဥ်မှူးများ တတိယအကြိမ် ခရီးစဥ် သွားရောက်

တရုတ်အာကာသ စခန်းသစ်သို့ အာကာသယာဥ်မှူးများ တတိယအကြိမ် ခရီးစဥ် သွားရောက်
By Mr John

တရုတ်နိုင်ငံက ၎င်း၏ အာကာသစခန်းသစ်သို့ အာကာသယာဥ်မှူး (၃) ဦး လိုက်ပါသွားသည့် အာကာသခရီးစဥ် အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်း China's Manned Space Agency (CMSA) က ကြေညာသည်။

Shenzhou-14 အာကာယာဥ်ကို ဇွန်လ (၅) ရက် ဒေသစံတော်ချိန် နံနက် (၁၀) နာရီ (၄၄) မိနစ်တွင် Long March 2F ဒုံးပျံဖြင့် အတွင်းမွန်ဂိုလီးယားနယ်မြေ ဂိုဘီသဲကန္တာရရှိ Jiuquan ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။

ယခု အာကာသခရီးစဥ်တွင် လိုက်ပါသွားသည့် အာကာသယာဥ်မှူး (၃) ဦးမှာ Tiangong အာကာသစခန်း၏ Tianhe အလယ်ဗဟိုပိုင်းတွင် (၆) လကြာနေထိုင်ပြီး တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကာ ဒီဇင်ဘာလအတွင်း ကမ္ဘာမြေပြင်သို့ ပြန်လာမည်ဖြစ်ကြောင်း CMSA က ပြောသည်။

အာကာသယာဥ်မှူး (၃) ဦးမှာ Chen Dong ၊ Liu Yang နှင် Cai Xuzhe တို့ဖြစ်ကြပြီး ၎င်းတို့က (၆) နာရီခွဲကြာ ခရီးနှင်ပြီးနောက် Tiangong အာကာသစခန်းသို့ ရောက်ရှိမည်ဟု ဆိုသည်။

ယခုခရီးစဥ်ကို Chen Dong က ဦးဆောင်ခြင်းဖြစ်ပြီး ၎င်းမှာ ၂၀၁၆ ခုနှစ်အတွင်း Shenzhou-11 အာကာသယာဥ်ဖြင့် အာကာသခရီးစဥ်ဖြင့် လိုက်ပါခဲ့ဖူးပြီး ယခင်က အာကာသအတွင်း အချိန်အကြာဆုံးနေသည့် တရုတ်အာကာသယာဥ်မှူးအဖြစ် စံချိန်တင်ထားသူလည်း ဖြစ်သည်။

အာကာသယာဥ်မှူး Liu Yang မှာ ၂၀၁၂ ခုနှစ်က Shenzhou-9 ယာဥ်ဖြင့် အာကာသခရီးစဥ် လိုက်ပါခဲ့ပြီး အာကာသအတွင်း ရောက်ရှိခဲ့သည့် ပထမဆုံး တရုတ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ Cai Xuzhe မှာ ၎င်း၏ ပထမဆုံး အာကာသခရီးစဥ်အဖြစ် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။

ယခုခရီးစဥ်မှာ တရုတ်အာကာသစခန်းသစ် တည်ဆောက်နေမှုအတွင်း တတိယမြောက် လူလိုက်ပါသည့် အာကာသစခရီးစဥ်လည်း ဖြစ်လာသည်။

တရုတ်နိုင်ငံက အာကာသစခန်းသစ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အာကာသယာဥ်မှူများ အပြည့်အဝနေနိုင်ပြီး လုပ်ငန်းလည်ပတ်နိုင်ရန် ရည်မှန်းထားသည်။

ထိုအာကာသစခန်း ပထမဆုံး လူလိုက်ပါသည့် အာကာသခရီးစဥ်အဖြစ် အာကာသယာဥ်မှူး (၃) ဦးကို လွှတ်တင်ခဲ့ပြီး (၃) လကြာ နေထိုင်ခဲ့ကာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ခရီးစဥ်ပြီးဆုံးခဲ့သည်။

ထို့နောက် ဒုတိယမြောက် လူလိုက်ပါသည့် အာကာသသခရီးစဥ်အဖြစ် Shenzhou-13 အာကာသယာဥ်ဖြင့် အာကာသယာဥ်မှူး (၃) ဦးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လွှတ်တင်ခဲ့ပြီး အာကာသအတွင်း ပထမဆုံးအကြိမ် (၆) လကြာ နေထိုင်ခဲ့ကြကာ ၂၀၂၂ ခုနှစ် ဧပြီလတွင် ကမ္ဘာမြေပြင်သို့ ပြန်ရောက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက အာကာသအစီအစဥ်အတွက် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

တရုတ်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် လကမ္ဘာ စူးစမ်းလေ့လာရေးယာဥ်ကို လကမ္ဘာပေါ်သို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

ထို့အပြင် အင်္ဂါဂြိုဟ် (Mars) စူးစမ်းလေ့လာရေးယာဥ်တစ်စီးကိုလည်း ၂၀၂၁ ခုနှစ် မေလအတွင်း တရုတ်က အောင်မြင်စွာ လွှတ်တင်ခဲ့သည်။

တရုတ်က တည်ဆောက်နေသည့် Tiangong အာကာသစခန်းသစ်၏ ပထမဆုံးအပိုင်းကို ၂၀၂၁ ခုနှစ် ဧပြီလတွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Source: CNN, Reuters

Photo: China Daily