ကိုဗစ် ကူးစက်မှု အဆမတန် မြင့်တက်နေသည့် တရုတ်နိုင်ငံက နေ့စဉ် ကိုဗစ်လူနာသစ်လတိုးနှုန်းနှင့် သေဆုံးနှုန်းစာရင်းများကို ထုတ်ပြန်တော့မည် မဟုတ်

ကိုဗစ် ကူးစက်မှု အဆမတန် မြင့်တက်နေသည့် တရုတ်နိုင်ငံက နေ့စဉ် ကိုဗစ်လူနာသစ်လတိုးနှုန်းနှင့် သေဆုံးနှုန်းစာရင်းများကို ထုတ်ပြန်တော့မည် မဟုတ်

တရုတ်နိုင်ငံတွင် နေ့စဉ်ကို ဗစ်လူနာသစ်တွေ့ရှိနှုန်းနှင့် သေဆုံးနှုန်းတို့ကို ထုတ်ပြန်ကြေညာတော့မည် မဟုတ်ကြောင်း ကျန်းမာရေးကော်မရှင်က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ကြောင်း သိရသည်။

ကိုဗစ်လုံးဝကင်းစင်မူဝါဒကို ရုတ်တရက် ပယ်ဖျက်လိုက်ပြီးနောက် နိုင်ငံတွင်း မြို့အများအပြား၌ ကိုဗစ်လူနာသစ်တွေ့ရှိနှုန်း မြင့်တက်လာနေပြီး ဆေးရုံများတွင် လူနာအပြည့်ဖြစ်နေချိန်တွင် ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

မြေပြင်တွင် ကူးစက်မှုအခြေအနေများမှာ စာရင်းမှန် ရရှိနိုင်မည့် အခြေအနေမရှိတော့သဖြင့် ယင်းကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဘေဂျင်းမှတာဝန်ရှိသူများက ဆိုသည်။

သို့သော် ကျန်းမာရေးကော်မရှင်ကမူ သတင်းမထုတ်ပြန်တော့ခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းပြချက်မှ ထုတ်ပြန်ခြင်းမရှိသည်ကို တွေ့ရသည်။

ကျန်းမာရေးကော်မရှင်က ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များကို ပြည်သူများက ယုံကြည်မှုနည်းပါးစွာ ဝေဖန်မှုများစွာလည်း ထွက်ပေါ်နေခြင်းဖြစ်သည်။

“နောက်ဆုံးတော့လည်း ပြည်သူတွေကို အရူးလုပ်လို့ မရဘူးဆိုတာ သူတို့သိသွားတာပေါ့“ဟု တရုတ်လူမှုကွန်ယက် ဝီဘိုအသုံးပြုသူတစ်ဦးက ရေးသားထားပြီး အခြားတစ်ဦးကမူ “ဒီနိုင်ငံက ကိန်းဂဏန်းအမှားတွေကို အများဆုံးနဲ့ အကောင်းဆုံးထုတ်လုပ်နေတဲ့ စက်ရုံပါပဲ “ဟုဆိုကာ ကျန်းမာရေးကော်မရှင်ကို ဝေဖန်ထားသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်လူနာသစ်တွေ့ရှိနှုန်း တဟုန်ထိုးမြင့်တက်လာနေပြီး ရှန်ဟိုင်းတောင်ပိုင်းရှိ လူဦးရေ (၆၅)သန်းဝန်းကျင်ရှိသည့် ကမ်းရိုးတန်းဒေသတွင် နေ့စဉ်ကူးစက်မှုနှုန်းမှာ တစ်သန်းကျော်သွားပြီဟု ဒေသကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

ဒီဇင်ဘာလ (၂၁) ရက်နေ့က ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင် ၏ ဌာနတွင်း အစည်းအဝေးတစ်ခုအတွင်း  တင်ပြခဲ့သည့် ခန့်မှန်းချက်များအနက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၂၀) ရက် တစ်ရက်တည်းတွင် တရုတ်နိုင်ငံတဝန်း လူ (၃၇) သန်း COVID-19 ကူးစက်ခံခဲ့ရသည်ဟု ဆိုသည်။ 



 Source: Bangkok Post