Dating App တွင် တွေ့ဆုံသည့် အမျိုးသမီးများကို သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှုဖြင့် ထိုင်းအမျိုးသားကို ဖမ်းဆီး

တရားခံအား ဖမ်းဆီးရမိစဉ် [ Photo: CSD ]
တရားခံအား ဖမ်းဆီးရမိစဉ် [ Photo: CSD ]
Dating App တွင် တွေ့ဆုံသည့် အမျိုးသမီးများကို သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှုဖြင့် ထိုင်းအမျိုးသားကို ဖမ်းဆီး
အောက်တိုဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

* * * * * 

ထိုင်းနိုင်ငံတွင် ချိန်ဆိုတွေ့ဆုံမှု မိုဘိုင်းဖုန်းအက်ပလီကေးရှင်းဖြစ်သည့် Dating App မှတစ်ဆင့် ရင်းနှီးသိကျွမ်းခဲ့သည့် အမျိုးသမီးတစ်ဦးကို သတ်မှုဖြင့် ရဲတပ်ဖွဲ့က Thanadej Kaewchuang အမည်ရှိ အမျိုးသားကို ဖမ်းဆီးစဥ် ၎င်း၏ တိုက်ခန်းအတွင်း လူမဆန်စွာ ရိုက်နှက်ခံထားရပြီး ဒဏ်ရာအပြင်းအထန်ရထားသော နောက်ထပ် အမျိုးသမီးတစ်ဦးကို တွေ့ရှိကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ (၁၂) ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့က Thanadej ကို ဖမ်းဆီးရန် Phatthalung ပြည်နယ် Muang ခရိုင်ရှိ တိုက်ခန်းကို ဝင်ရောက်စီးနင်းခဲ့ကြစဥ် ထိုအမျိုးသမီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ရာဇဝတ်မှုနှိမ်နင်းရေးဌာနခွဲ Crime Suppression Division (CSD) မှ အထူးတပ်ဖွဲ့ဝင်များက အမျိုးသမီးကို Patthalung ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေရကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်တွင် ပွန်းပဲ့ဒဏ်ရာများရှိပြီး မျက်နှာမှာ ဆိုးဆိုးရွားရွား ဖူးရောင်နေကာ နံရိုး (၁၀) ချောင်း ကျိုးနေခဲ့သည်။

အသက် (၂၇) နှစ်အရွယ် Thanadej ကို ဖမ်းဆီးရန် စက်တင်ဘာလ (၂၉) ရက်က ဖမ်းဝရမ်းထုတ်ခဲ့သည်။ 

Thanadej က Dating App မှတစ်ဆင့် ရင်းနှီးသိကျွမ်းခဲ့သူ အသက် (၂၆) နှစ်အရွယ် Kamolphet Lamul အမည်ရှိ အမျိုးသမီးကို ဇူလိုင်လ (၂၁) ရက်နေ့တွင် ဘန်ကောက်မြို့ Bangkok Noi ခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်အိမ်၌ သတ်ဖြတ်ခဲ့မှုနှင့် သေစေနိုင်သော ညှဥ်းပန်းနှိပ်စက်မှုတို့အတွက် ဖမ်းဝရမ်းထုတ်ခံရခြင်း ဖြစ်သည်။

ထိုနေ့၌ပင် Bang Yi Khan ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့စဥ် Kamolphet ကို ကျောရိုးနှင့် ဦးခေါင်းခွံမှာ ဆိုးရွားစွာ ပျက်စီးနေသည့် ပြင်းထန်ဒဏ်ရာများနှင့်အတူ တွေ့ရသည်။ 

နောက်ပိုင်းတွင် Kamolphet မှာ ထိုဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

စုံစမ်းစစ်ဆေးမှုအရ Thanadej က ထိုအမျိုးသမီးနှင့် Dating App တစ်ခုတွင် တွေ့ဆုံခဲ့ပြီး သူမကို ၎င်းနှင့်အတူလာနေရန် အယုံသွင်း ဖြားယောင်းခဲ့သည်ကို ဖော်ထုတ်သိရှိခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန Central Investigation Bureau (CIB) အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop Bhuridej က အောက်တိုဘာလ (၁၃) ရက်တွင် ပြောသည်။

ဒဏ်ရာများရရှိထားသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့စဉ်

Thanadej က Kamolphet ကို တစ်လခန့် သော့ခတ်ပိတ်လှောင်ထားခဲ့ပြီး သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သိရသည်။ 

ထို့နောက် Thanadej က ထိုနေရာမှ ထွက်ပြေးသွားခဲ့သည်။ 

CSD က ၎င်း၏ တည်နေရာကို သိရှိနိုင်ရန် စုံစမ်းနေစဥ် Thanadej မှာ Noei အမည်ရှိ နောက်ထပ် အမျိုးသမီးတစ်ဦးနှင့်အတူ Phatthalung ပြည်နယ် Muang ခရိုင်ရှိ တိုက်ခန်းတစ်ခုတွင် နေထိုင်နေကြောင်း သတင်းပေးမှုတစ်ခု လက်ခံရရှိခဲ့သည်။

Lamphun ပြည်နယ်တွင် နေထိုင်သူ Noei က ရဲတပ်ဖွဲ့ကို ပြောကြားမှုအရ သူမနှင့် Thanadej တို့မှာ Dating App တွင် ဩဂုတ်လအစောပိုင်း၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ 

ထို့နောက် တစ်လအကြာတွင် Thanadej က သူမကို ချစ်ကြိုက်နေကြောင်းနှင့် တွေ့ဆုံလိုကြောင်း ပြောခဲ့ပြီးနောက် Noei ကလည်း ယုံကြည်မိပြီး ထိုင်းတောင်ပိုင်း Patthalung ပြည်နယ်သို့ ရထားခရီးစဥ်ဖြင့် သွားရောက်ခဲ့သည်ဟု ဆိုသည်။

Thanadej က သူမကို နံနက်စာစားရန်အတွက် Phatthalung ဘူတာရုံတွင် လာရောက်ခေါ်ဆောင်ခဲ့သည်။ 

ထို့နောက် သူမကို ၎င်း၏ တိုက်ခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး Noei က နံနက်စာစားနေစဥ် အခြား အမျိုးသားတစ်ဦးကို ကြည့်နေခဲ့သည်ဟု Thanadej က စွပ်စွဲကာ သဝန်တိုပြီး ပြောဆိုနေခဲ့သည်။ 

ထိုအချိန်မှစ၍ သူမကို အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ထားပြီး ရဲတပ်ဖွဲ့ ရောက်မလာမီအထိ နေ့စဥ်ရက်ဆက် ရိုက်နှက်နေခဲ့ကြောင်း Noei က ပြောသည်။

Thanadej မှာ မက်သာဖက်တမင်း မူးယစ်ဆေးဝါး သုံးစွဲထားချိန်တွင် သူမကို ပိုမိုရိုက်နှက်ခဲ့ကြောင်းလည်း Noei က ထွက်ဆိုသည်။ 

ရဲတပ်ဖွဲ့က Thanadej ၏ ဆီးနမူနာကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရသည်။ 

Thanadej က ဘန်ကောက်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုနှင့် Phattalung တွင် Noei ကို သော့ခတ်ပိတ်လှောင် ရိုက်နှက်နှိပ်စက်မှုတို့ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop က ပြောသည်။

ယခုအမှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ကျူးလွန်ခဲ့ခြင်း မဟုတ်ကြောင်း၊ သို့သော် ၎င်းမှာ သဝန်တိုတတ်သူဖြစ်ရာ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခဲ့ဟု Thanadej က ဆိုသည်။ 

အွန်လိုင်းတွင် Dating App အသုံးပြုပြီး အမျိုးသမီးများကို အယုံသွင်းကာ ညှဥ်းပန်းနှိပ်စက်သည့် ပုံစံမျိုးဖြင့် နောက်ထပ် ကျူးလွန်မှုများရှိနိုင်သည်ဟု ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop က ယူဆထားသည်။ 

Thanadej မှာ ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီး ဇန်နဝါရီလတွင် ထောင်မှပြန်လွတ်လာခဲ့သူဖြစ်ကြောင်းလည်း ရဲမှတ်တမ်းများအရ သိရှိရသည်။

Source: Bangkok Post

Photo: CSD