ကယားပြည်နယ်ရှိ အတည်ပြုလူနာ (၅)ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲနမူစစ်ဆေးရာ Covid-19 ဆက်လက် တွေ့နေရဆဲ

ကယားပြည်နယ်ရှိ အတည်ပြုလူနာ (၅)ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲနမူစစ်ဆေးရာ Covid-19 ဆက်လက် တွေ့နေရဆဲ
နိုဝင်ဘာ 7, 2020
By Tachileik News Agency

ကယားပြည်နယ်ရှိ  အတည်ပြုလူနာ (၅)ဦးအား ဒုတိယအကြိမ် ဓာတ်ခွဲနမူစစ်ဆေးရာ Covid-19 ဆက်လက် တွေ့နေရဆဲ 

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် Covid -19 အတည်ပြုလူနာ များထဲက (၅) ဦး၏ ဓာတ်ခွဲနမူနာများအား တောင်ကြီး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲဌာနက စစ်ဆေးပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၌ ထုတ်ပြန်ချက်အရ COVID 19 ပိုးတွေ့ရဆဲဖြစ်ကြောင်း သိရသည်။
" မနေ့က တောင်ကြီးက ထုတ်ပြန်တဲ့အထဲက အတည်ပြုလူနာ (၅)ပါတယ်ဆိုတာ ဒီမှာရှိတဲ့ အတည်ပြုလူနာတွေကို တစ်ပတ်ပြည့်လို့ ပြန်စစ်တာပါ။ တစ်ပတ်ပြည့်တာ မကဘူးပေါ့။ တစ်ချို့က (၁၀) ရက်၊ (၁၁)ရက်ရှိသွားပြီ။ ပို့လိုက်တာ တစ်ပတ်ကျော်သွားပြီပေါ့။ တောင်ကြီးက သတ်မှတ်ထားတာ  တနင်္လာနဲ့ ကြာသပတေးဖြစ်တယ်။ အဲဒီရက်တွေကို ဘောင်ဝင်အောင် စစ်လိုက်တာ (၇) ရက်အတိအကျ ဖြစ်ချင်မှဖြစ်မယ်။ (၉) ရက်ပြည့်တဲ့သူရှိတယ်။ (၁၀) ရက်ပြည့်တဲ့သူရှိတယ်။ အဲဒီအတည်ပြုလူနာ (၅)ယောက်ကို စစ်လိုက်တာပါ။ စစ်တဲ့အခါမှာ (၅) ယောက်လုံး ပိုးတွေ့နေသေးတယ်ပေါ့။"ဟု လွိုင်ကော် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်စန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ အဖြေထုတ်ပြန်ချက်အရ ကယားပြည်နယ်မှ ပေးပို့ထားသော ဓာတ်ခွဲနမူနာထဲမှ အတည်ပြုလူနာ (၅) တွေ့ရှိကြောင်း ထုတ်ပြန်ထားပြီး အဆိုပါ လူနာများမှာ အသစ်တွေ့ရှိသူများ မဟုတ်ဘဲ ပိုးတွေ့ရှိပြီးသူများကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးခဲ့ခြင်းသာဖြစ်ကြောင်း သိရသည်။ 
တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ကယားပြည်နယ်မှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၀၂) ခုကိုပေးပို့  စစ်ဆေးထားရာ နိုဝင်ဘာလ (၆) ရက်နေ့ ည(၇)နာရီအချိန် ထုတ်ပြန်ချက်အရ  (၉၇) ဦးတွင် ပိုးမတွေ့ရှိဘဲ ယခင်အတည်ပြုလူနာ (၅) ဦးတွင်သာ ပိုးထပ်မံတွေ့ရှိရကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှု ခံယူလျက်ရှိသော ပိုးတွေ့လူနာ (၇)ဦးထဲမှ လူနာတစ်ဦးမှာ နိုဝင်ဘာလ (၇)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ကုသမှုခံယူဆဲ (၆)ဦးသာ ကျန်ရှိခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~