တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရသည့် ပထမဆုံး နိုင်ငံခြား COVID-19 ကာကွယ်ဆေးအဖြစ် ဂျာမနီနိုင်ငံမှဆေးများ တင်ပို့

တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရသည့် ပထမဆုံး နိုင်ငံခြား COVID-19 ကာကွယ်ဆေးအဖြစ် ဂျာမနီနိုင်ငံမှဆေးများ တင်ပို့
By Mr John

ဂျာမနီအခြေစိုက် BioNTech ဇီဝနည်းပညာကုမ္ပဏီထုတ် COVID-19 ကာကွယ်ဆေးများကို ပထမအသုတ်အဖြစ် တရုတ်နိုင်ငံသို့ တင်ပို့လိုက်ပြီဖြစ်ကြောင်း ဂျာမန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ (၂၁) ရက်တွင် ပြောသည်။ 

BioNTech ၏ ဆေးများမှာ ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေးများကိုသာ အသုံးပြုနေခဲ့သည့် တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခွင့်ရသည့် ပထမဆုံး နိုင်ငံခြားထုတ် ကာကွယ်ဖြစ်လာကြောင်းလည်း သိရသည်။

ဂျာမနီအစိုးရက BioNTech ၏ ကာကွယ်ဆေးကို ဂျာမန်နိုင်ငံသားများအပြင် နိုင်ငံခြားသားများ ထိုးလိုပါက ထိုးခွင့်ရစေရန် တွန်းအားပေး ဆောင်ရွက်နေကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့သော်လည်း တရုတ်နိုင်ငံသို့ မည်သည့်အချိန်တွင် ကာကွယ်ဆေးအလုံးရေ မည်မျှ တင်ပို့လိုက်ကြောင်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောခဲ့ပေ။

တရုတ်တွင်ရှိနေသည့် ဂျာမန်နိုင်ငံသားများကို BoiNTech ကာကွယ်ဆေး ထိုးခွင့်ပြုရန် တရုတ်အစိုးရက သဘောတူညီခဲ့ပြီးနောက် ဆေးများတင်ပို့လိုက်ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့်လအတွင်း ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ၏ တရုတ်ခရီးစဥ်အတွင်း ထိုသဘောတူညီချက်ရရှိခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသားများကိုလည်း BioNTech ကာကွယ်ဆေး လွတ်လပ်စွာ ထိုးခွင့်ပြုရန် ဂျာမန်ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဂျာမန်နိုင်ငံသား (၂၀,၀၀၀) ခန့်ရှိနေသည်။ 

"တရုတ်နိုင်ငံကို BioNTech ကာကွယ်ဆေးတွေ တင်ပို့လိုက်ပြီလို့ အတည်ပြုနိုင်ပါတယ်" ဟု ဂျာမန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဘာလင်မြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။ 

BioNTech ကာကွယ်ဆေးကို ဂျာမန်များအပြင် အခြား နိုင်ငံခြားသားများလည်း ထိုးလိုပါက ထိုးနိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ၎င်းကဆိုသည်။

အပြန်အလှန်အားဖြင့် ဥရောပတွင်ရှိနေသည့် တရုတ်နိုင်ငံသားများ အနေဖြင့်လည်း တရုတ်နိုင်ငံထုတ် SinoVac ကာကွယ်ဆေး ထိုးနိုင်မည်ဟု ဂျာမန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ 

ယခုလအစောပိုင်းတွင် ဂျာမနီကျန်းမာရေးဝန်ကြီးဌာနက တရုတ်၏ SinoVac ကာကွယ်ဆေးကို နိုင်ငံတွင်ရှိနေသည့် တရုတ်နိုင်ငံသားများကို ထိုးပေးရန် တင်းသွင်းခွင့်ပြုခဲ့သည်။ 

တရုတ်နိုင်ငံထုတ် SinoVac ကာကွယ်ဆေးကို ဥရောပဆေးဝါးကွပ်ကဲရေးအဖွဲ့က အသုံးပြုရန် တရားဝင် အတည်ပြုမထားသေးသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က အတည်ပြုထားကြောင်း သိရသည်။

Source: Reuters