ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၆သောင်းကျော် ရေဘေးသင့်

Photo: พี่ ไป เพ
Photo: พี่ ไป เพ
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၆သောင်းကျော် ရေဘေးသင့်
By Tachileik News Agency

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပြည်နယ် (၉) ခုတွင်  ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာလ (၁၈) ရက်မှစ၍ ‌ရေကြီးရေလျှံမှုများ ဖြစ်‌ပေါ်နေရာ နေအိမ် (၆၄,၄၀၀) ကျော် ရေဘေးသင့်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာနက ဒီဇင်ဘာလ (၂၀) ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဒီဇင်ဘာလ (၁၈) ရက်မှ ဒီဇင်ဘာလ (၂၀) ရက်အထိ မိုးသည်းထန်ခဲ့မှုကြောင့် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ဆူရတ်ဌာနီ၊ နခွန်စီသာမတ်၊ ထရန်း၊ ပသူလန်၊ စတွန်း၊ ဆုန်ခလ၊ ပတ္တာနီ၊ ယာလနှင့် နရဝတ္တီဝပ်ပြည်နယ်များတွင် လေပြင်းများပါ တိုက်ခတ်ခဲ့ကြောင်း သိရသည်။

ထိုပြည်နယ်များရှိ ခရိုင် (၆၆) ခုအတွင်း ကျေးရွာ (၁,၄၂၅) ရွာမှ စုစုပေါင်း အိမ်ထောင်စု (၆၄,၆၂၆) ခု ရေဘေးသင့်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ဆူရတ်ဌာနီ၊ နခွန်စီသာမတ်၊  ပသူလန်၊  ဆုန်ခလ၊ ပတ္တာနီ၊ ယာလနှင့် နရဝတ္တီဝပ်ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အဆိုပါပြည်နယ်များရှိ ကျေးရွာပေါင်း (၁၃၆၁)ရွာမှ အိမ်ထောင်စု (၆၁,၉၃၉)စုမှာ ရေဘေးကြုံနေရဆဲဖြစ်ကြောင်း သိရသည်။

ရေကြီးမှုအတွင်း နရဝတ္တီဝပ်တွင် လူ (၃) ဦး သေဆုံးခဲ့ပြီး ယာလတွင် ရေကြီးရေလျှံမှုပိုမိုဆိုးရွားကာ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရကာ တစ်ဦးပျောက်ဆုံးနေကြောင်း သိရသည်။

 ရေကြီးရေလျှံမှုအတွင်း လမ်း (၁၇) ခု၊ တံတားတိုင် (၂) ခုနှင့် ဓာတ်အားလိုင်းတိုင် (၂၁) တိုင် ပျက်စီးခဲ့သည့်အပြင် ဗလီတစ်လုံးလည်း ရေနစ်မြုပ်ခဲ့သည်ဟု ဆိုသည်။ 

ရေကြီးနစ်မြုပ်မှုကြောင့် လူနေအိမ်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အပြင် စိုက်ပျိုးမြေများလည်း ရေနစ်မြုပ်သွားကြောင်း သိရသည်။



Source: Bangkok Post