ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်ဘောလုံးကစားသမားများနှင့် ၎င်းတို့၏ မိသားစုများကို အီရန်အာဏာပိုင်များက ခြိမ်းခြောက်ထား

Photo: Julian Finney | Getty Images
Photo: Julian Finney | Getty Images
ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အီရန်ဘောလုံးကစားသမားများနှင့် ၎င်းတို့၏ မိသားစုများကို အီရန်အာဏာပိုင်များက ခြိမ်းခြောက်ထား
နိုဝင်ဘာ 29, 2022 | နိုင်ငံတကာသတင်း
By Mr John

ကာတာနိုင်ငံတွင် ကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ယှဥ်ပြိုင်ကစားနေသော အီရန်နိုင်ငံ ဘောလုံးအသင်းမှ ကစားသမားများ နိုင်ငံတော်သီချင်း မဆိုပါက မိသားစုများ ထောင်ချခံရပြီး ညှဥ်းပန်းနှိပ်စက်ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ပြိုင်ပွဲလုံခြုံရေးနှင့် ပတ်သက်သည့် သတင်းရင်းမြစ်တစ်ခုက ပြောကြောင်း CNN သတင်းက ဖော်ပြထားသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ယှဥ်ပြိုင်ကစားရမည့် အမေရိကန်အသင်းနှင့် အုပ်စု နောက်ဆုံးပွဲစဥ် မတိုင်မီ အီရန်ကစားသမားများ၏ မိသားစုများကို ထိုသို့ ခြိမ်းခြောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

အီရန်ဘောလုံးအသင်း ကစားသမားများက နိုဝင်ဘာလ (၂၁) ရက်နေ့တွင် အုပ်စု အဖွင့်ပွဲစဥ် ယှဥ်ပြိုင်ကစားခဲ့စဥ် နိုင်ငံတော်သီချင်း သီဆိုရန် ငြင်းဆန်ခဲ့ကြပြီးနောက် ကစားသမားများကို အီရန်တော်လှန်ရေးတပ်ဖွဲ့ Iranian Revolutionary Guard Corps (IRGC) မှ အရာရှိများက အစည်းအဝေးခေါ်ယူခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

သတင်းရင်းမြစ်၏ အဆိုအရ နိုင်ငံတော်သီချင်း မဆိုပါက သို့မဟုတ် အီရန်အစိုးရကို နိုင်ငံရေးအရ ဆန့်ကျင်ဆန္ဒပြမှုတွင် ပူးပေါင်းပါဝင်ပါက ၎င်းတို့၏ မိသားစုများ အကြမ်းဖက်မှုနှင့် နှိပ်စက်မှုများ ကြုံရမည်ဟု ကစားသမားများကို ပြောခဲ့ကြောင်း သိရသည်။ 

အီရန်ကစားသမားများမှာ အုပ်စု ဒုတိယပွဲစဥ်အဖြစ် ‌ဝေးလ်အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့ရာတွင်မူ နိုင်ငံတော်သီချင်း သီဆိုခဲ့ကြသည်။

ကာတာတွင် အီရန်လုံခြုံရေးအဖွဲ့များ၏ လုပ်ဆောင်မှုများကို အနီးကပ် စောင့်ကြည်နေသည့် သတင်းရင်းမြစ်၏ အဆိုအရ  အီရန်ကစားသမားများကို ဒါဇင်နှင့်ချီသည့် IRGC အရာရှိများ စောင့်ကြည့်ရန် အထူးတာဝန် ပေးအပ်ထားကြောင်းနှင့် ကစားသမားများမှာ အသင်းမှထွက်ခွာခွင့်မရှိ သို့မဟုတ် နိုင်ငံခြားသားများနှင့် တွေ့ဆုံခွင့်မရှိဟု သိရသည်။ 

"သတင်းအချက်အလက် စုဆောင်းဖို့နဲ့ ကစားသမားတွေကို စောင့်ကြည့်ဖို့ ကာတာမှာ အီရန်လုံခြုံရေးအရာရှိတွေ အများကြီး ရောက်နေတယ်" ထိုသတင်းရင်းမြစ်က ပြောသည်။

အီရန်အသင်းမှာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု (B) တွင် အင်္ဂလန်၊ အမေရိကန်နှင့် ဝေးလ်အသင်းတို့နှင့် အတူကျရောက်နေပြီး အုပ်စုပွဲစဥ် (၂) ပွဲကစားပြီးချိန်၌ တစ်ပွဲနိုင် တစ်ပွဲရှုံးဖြင့် ရမှတ် (၃) မှတ်ရရှိထားကာ အုပ်စုတွင်း အဆင့် (၂) နေရာတွင် ရပ်တည်နေပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရန် အလားအလာကောင်းနေကြောင်း သိရသည်။

Source: CNN

https://edition.cnn.com/2022/11/28/football/iran-soccer-family-threats-i...