(၂)နှစ်ကြာ ဗိုက်အောင့်နေသည့် လူနာ၏ အစာအိမ်ထဲတွင် အိမ်သုံးပစ္စည်းမျိုးစုံ (၆၀) ခန့် တွေ့ရသဖြင့် ဆရာဝန်များ တုန်လှုပ်ခဲ့ရ

(၂)နှစ်ကြာ ဗိုက်အောင့်နေသည့် လူနာ၏ အစာအိမ်ထဲတွင် အိမ်သုံးပစ္စည်းမျိုးစုံ (၆၀) ခန့် တွေ့ရသဖြင့် ဆရာဝန်များ တုန်လှုပ်ခဲ့ရ
စက်တင်ဘာ 30, 2023 | နိုင်ငံတကာသတင်း
By Mr John

 အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ဗိုက်အောင့်ဗိုက်နာ ဝေဒနာကို  (၂) နှစ်ကြာ ခံစားနေရသည့် အမျိုးသား လူနာတစ်ဦးကို စစ်ဆေးခဲ့ရာ အိမ်သုံးပစ္စည်း အများအပြား မျိုချထားကြောင်း တွေ့ရှိရမှုကြောင့် ဆရာဝန်များ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။

ထိုအမျိုးသားက ကြယ်သီးများနှင့် နားကြပ်များအထိ ပစ္စည်းမျိုးစုံကို မျိုချထားခြင်း ဖြစ်သည်။

"ဓာတ်မှန်ရိုက်ကြည့်တော့ ဆွဲသီးတွေ၊ သော့ချိတ်တွေ၊ မူလီခေါင်းတွေ၊ မူလီတွေ၊ နားကြပ်တွေနဲ့ အခြား ပစ္စည်းမျိုးစုံ အများအပြားကို သူ့အစာအိမ်ထဲမှာ တွေ့ရတယ်" ဟု ထိုအမျိုးသား ကုသမှုခံယူခဲ့သည့် ပန်ဂျပ်ပြည်နယ် မိုဂါမြို့ရှိ Moga Medicity ဆေးရုံ၏ ညွှန်ကြားရေးမှူး Ajmer Singh Kalra က ပြောသည်။

အသက် (၃၅) နှစ်အရွယ် Kuldeep Singh ဆိုသူ အမျိုးသားက ၎င်း၏ ဝမ်းဗိုက်ပြဿနာနှင့် ကိုယ်အပူချိန် မြင့်တက်မှုတို့ကြောင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဆေးရုံသို့ သွားရောက်ပြသခဲ့သည်။

ဆရာဝန်များက ၎င်း၏ အစာအိမ်ကို ဓာတ်မှန်ရိုက် စစ်ဆေးကြည့်ခဲ့ရာ အိမ်သုံးပစ္စည်းမျိုးစုံကို အစာအိမ်ထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။



Kuldeep က ဆွဲသီးများ၊ သော့ချိတ်များ၊ မူလီခေါင်းများ၊ မူလီများ၊ နားကြပ်များနှင့် တွယ်ချိတ်များ၊ သံလိုက်တုံးများ၊ အင်္ကျီကြယ်သီးများ၊ ဇစ်များနှင့် စား၍မရသော နောက်ထပ် ပစ္စည်းအများအပြား အပါအဝင် အကြမ်းဖျင်း ပစ္စည်းမျိုးစုံ (၆၀) ခန့်ကို မျိုချထားခြင်း ဖြစ်သည်။

Kuldeep ၏ ဖြစ်ရပ်မှာ Pica ဟုခေါ်သော အစားအစာ မဟုတ်သည့်အရာများ မျိုချခြင်းကို စွဲလမ်းနေသည့် စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေတစ်ရပ် ဖြစ်ကြောင်း သိရသည်။

ထိုအခြေအနေကို ငယ်ရွယ်သည့် ကလေးများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သူများတွင် အများဆုံး တွေ့ရလေ့ရှိသည်။

Kuldeep ၏ ပြဿနာကို ၎င်း၏ ဆွေမျိုးများက သတိမပြုမိခဲ့ကြကြောင်း Jam Press သတင်းက ဆိုသည်။

Kuldeep မှာ (၃) နာရီကြာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ၎င်း၏ အစာအိမ်ထဲမှ ပစ္စည်းမျိုးစုံကို ဆရာဝန်များက ထုတ်ယူခဲ့သည်။

ခွဲစိတ်မှုလုပ်ငန်းစဥ် အောင်မြင်ခဲ့သော်လည်း လူနာမှာ အသက်ရှူစက်တပ်ထားရဆဲဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ခွဲစိတ်ကုသမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဒေါက်တာ Vishavnoor Kalra က ပြောသည်။

"သူက ချွန်ထက်တဲ့ ပစ္စည်းတွေကို မျိုချထားခဲ့တော့ သူ့အစာအိမ်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေရှိနေခဲ့တယ်" ဟု ဒေါက်တာ Karla က ရှင်းပြခဲ့သည်။

 

Source: NY Post, Mirror

Photo: Jam Press/ Rare Shot News