ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများတွင် အခြေအနေ အလွန်ခက်ခဲနေကြောင်း ပူတင် ထုတ်ဖော်ဝန်ခံ

ရုရှားသိမ်းပိုက်ထားသည့် ယူကရိန်းနယ်မြေများတွင် အခြေအနေ အလွန်ခက်ခဲနေကြောင်း ပူတင် ထုတ်ဖော်ဝန်ခံ
By Tachileik News Agency

ရုရှားနိုင်ငံ၏ နယ်မြေများအဖြစ် သိမ်းပိုက်လိုက်ကြောင်း တစ်ဖက်သတ် ကြေညာထားသည့် ယူကရိန်းနိုင်ငံ၏ နယ်မြေ (၄) ခုတွင် အခြေအနေမှာ အလွန်အမင်း ခက်ခဲနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်ပြောခဲ့ရာ ၎င်း၏ကျူးကျော်မှုမှာ စီစဥ်ထားသည့်အတိုင်း ဖြစ်မလာကြောင်း အရှင်းလင်းဆုံး လူသိရှင်ကြား ဝန်ခံမှုတစ်ခုလည်း ဖြစ်လာသည်။

ပူတင်က ထိုနယ်မြေများတွင် စောင့်ကြည့်မှုများ တိုးမြှင့်လုပ်ဆောင်ရန်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့က ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Security Services Day အထိမ်းအမှတ် အခမ်းအနားတွင် ပြောခဲ့သည်။ 

ပူတင်က ရုရှား၏ အနီးကပ်မဟာမိတ်ဖြစ်သည့် ဘီလာရုစ်နိုင်ငံသို့ သွားရောက်ခဲ့ပြီးနောက် ထိုသို့ မှတ်ချက်ပေး ပြောကြားလာခြင်းလည်း ဖြစ်သည်။

ရုရှား၏ ယူကရိန်းကို ကျူးကျော်စစ်ပွဲတွင် ရှေ့တန်းစစ်မျက်နှာသစ်ဖွင့်ရန် ဘီလာရုစ်က ရုရှားကို ကူညီနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေပြီး ပူတင်အစိုးရကမူ ထိုစိုးရိမ်မှုများကို ပယ်ချခဲ့သည်။ 

ထိုအတောအတွင်း ရုရှားက (၆) ရက်အတွင်း တတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုအဖြစ် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ ပစ်မှတ်များကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ရုရှားက ထိုသို့ တိုက်ခိုက်ပြီးနောက် ယူကရိန်းက ၎င်း၏ အနောက်အုပ်စု မဟာမိတ်များကို နောက်ထပ်လက်နက်များ ထောက်ပံ့ပေးရန် ထပ်မံ တောင်းဆိုခဲ့သည်။

ရုရှားသမ္မတပူတင်က ရုရှားလူထုအနေဖြင့် ပြည်တွင်းပြည်ပသစ္စာဖောက်များထံမှ ခြိမ်းခြောက်မှုအသစ်များကို တိုက်ဖျက်ကြရန်ဟု နှိုးဆော်လိုက်ပြီး နိုင်ငံ၏ နယ်စပ်များကို စောင့်ကြည့်မှု တိုးမြှင့်လုပ်ဆောင်ရန် လုံခြုံရေးဌာန Federal Security Services (FSB) ကို ညွှန်ကြားခဲ့သည်ဟု သိရသည်။

"Donetsk နဲ့ Luhansk ပြည်သူ့သမ္မတနိုင်ငံတွေနဲ့ Kherson နဲ့ Zaporizhzhia နယ်မြေတွေမှာ အခြေအနေက အလွန်ခက်ခဲနေပါတယ်" ဟု ပူတင်က လုံခြုံရေးဆိုင်ရာ အမှုထမ်းများကို ပြောကြားသည့် ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။



Source: Reuters