ထိုင်းနိုင်ငံတွင် ဆိုင်ယာနိုက်အဆိပ် အသုံးပြုပြီး လူသတ်မှုဖြင့် ရဲအရာရှိတစ်ဦး၏ ဇနီးကို ဖမ်းဆီး

ထိုင်းနိုင်ငံတွင် ဆိုင်ယာနိုက်အဆိပ် အသုံးပြုပြီး လူသတ်မှုဖြင့် ရဲအရာရှိတစ်ဦး၏ ဇနီးကို ဖမ်းဆီး
By Mr John

 

ထိုင်းနိုင်ငံတွင် ကန်ချနဘူရီပြည်နယ်မှ အမျိုးသမီးတစ်ဦးအား ဆိုင်ယာနိုက်အဆိပ် (cyanid) သုံးပြီး သတ်ဖြတ်မှုဖြင့် အဆင့်မြင့် ရဲအရာရှိတစ်ဦး၏ ဇနီးဖြစ်သူကို ဖမ်းဆီးလိုက်ကြောင်းနှင့် အခြား အမျိုးသမီး (၆) ဦး သေဆုံးမှုတွင်လည်း စုံစမ်းစစ်ဆေးရေးမှူးများက သူမကို သံသယရှိနေကြောင်း သိရသည်။ 

ဆိုင်ယာနိုက်အဆိပ်သုံးပြီး လူသတ်မှုကျူးလွန်ကြောင်း သံသယရှိသူ၏ အမည်မှာ Sararat "Aem" Rangsiwuthaporn ဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Jirabhop Bhuridej က ပြောသည်။

Sararat က သူမ၏ခင်ပွန်းအမည်ကို ထုတ်ဖော်ပြောခြင်းမရှိသော်လည်း ခင်ပွန်းဖြစ်သူမှာ ရတ်ချာဘူရီပြည်နယ်တွင် ခရိုင်အဆင့် ဒုရဲမှူးတစ်ဦးဖြစ်ကြောင်း သိရသည်။

မှုခင်းနှိမ်နင်းရေးဌာနခွဲ Crime Suppression Division (CSD) ရဲတပ်ဖွဲ့က ရာဇဝတ်မှုတရားရုံး၏ ၂၀၂၃ခုနှစ် ဧပြီလ (၂၅) ရက်နေ့ ရက်စွဲဖြင့်ထုတ်ထားသည့် ဖမ်းဝရမ်းအရ Sararat ကို ထို့နေ့ နံနက် (၁၁) နာရီခန့်တွင် ဘန်ကောက်မြို့ Chaeng Wattana လမ်းရှိ အစိုးရရုံးဝင်းတစ်ခု၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

Sararat ကို ဖမ်းဆီးခဲ့စဥ် သူမထံတွင် ဆိုင်ယာနိုက်အဆိပ်ပုလင်းတစ်လုံးကိုလည်း တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ကန်ချနဘူရီပြည်နယ်မှ သေဆုံးသူ အသက် (၃၂) နှစ်အရွယ် Siriporn "Koy" Khanwong ၏ မိခင်နှင့် အမဖြစ်သူတို့က CSD တွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် Sararat ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

Siriporn မှာ ဧပြီလ (၁၄) ရက်နေ့က ကုသိုလ်ဖြစ် ငါးလွှတ်ရန် သူငယ်ချင်းများနှင့်အတူ Ban Pong ခရိုင်ရှိ Ma Klong မြစ်ကမ်းနားသို့ သွားရောက်ခဲ့စဥ် ထိုမြစ်ကမ်းနားတွင် လဲကျသေဆုံးခဲ့သည်။

 အလောင်းစစ်ဆေးမှုအရ သူမ၏ ခန္ဓာကိုယ်တွင် ဆိုင်ယာနိုက်အဆိပ်ကို တွေ့ရှိခဲ့ရသည်။ 

စုံစမ်းစစ်ဆေးမှုများအရ Sararat က Siriporn ၏ အစားအသောက်ထဲတွင် ဆိုင်ယာနိုက်အဆိပ်ခပ်ခဲ့သူ ဖြစ်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ယူဆခဲ့ကြသည်။

Siriporn ၏ တန်ဖိုးရှိ ပစ္စည်းများကို သူမက ခိုးယူခဲ့ကြောင်း စွပ်စွဲမှုများလည်းရှိခဲ့ပြီးနောက် Sararat ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ 

Sararat နှင့် အဆက်အသွယ်ရှိခဲ့ပြီး Siriporn ကဲ့သို့ပင် အလားတူပုံစံဖြင့် သေဆုံးသွားခဲ့သည့် အမျိုးသမီး (၆) ဦး သေဆုံးမှုတွင် သူမ ကျူးလွန်ခဲ့ခြင်းရှိ မရှိ ရဲတပ်ဖွဲ့က တိုးချဲ့စုံစမ်းစစ်ဆေးနေကြောင်း ရဲဒုဗိုလ်ချုပ်ကြီး Jirabhop က ပြောသည်။

 

Source: Bangkok Post