ဘရာဇီးနိုင်ငံတွင် အမြန်လမ်းမပေါ် မြေပြိုကျမှုကြောင့် လူ (၂) ဦး သေဆုံးပြီး လူဦးရေ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ

ဘရာဇီးနိုင်ငံတွင် အမြန်လမ်းမပေါ် မြေပြိုကျမှုကြောင့် လူ (၂) ဦး သေဆုံးပြီး လူဦးရေ ဒါဇင်နှင့်ချီ ပျောက်ဆုံးနေ
ဒီဇင်ဘာ 2, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘရာဇီးနိုင်ငံ၏ တောင်ပိုင်းတွင် အမြန်လမ်းမကြီးတစ်ခုပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂) ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံးနေကြောင်း သိရသည်။ 

ပါရာနာပြည်နယ်ရှိ BR-376 အမြန်လမ်းမပေါ်သို့ ရွှံ့နွံများ ဆက်တိုက်ပြိုကျလာခဲ့ရာ ကား (၂၁) စီးကို တိုက်မိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

ရာသီဥတုဆိုးရွားမှုနှင့် အစွန်အဖျားနေရာဖြစ်ခြင်းကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် ခက်ခဲရှုပ်ထွေးစေခဲ့ကြောင်း အခင်းဖြစ်နေရာရှိ ကယ်ဆယ်ရေးသမားများက ဆိုသည်။

မီးသတ်သမားများက အပူချိန်အာရုံခံ ကင်မရာသုံးပြီး အသက်ရှင်နိုင်ခြေရှိသူများကို ရှာဖွေနေသည်။ 

မြေပြိုကျမှုအတွင်း လူ (၃၀) ဦးအထိ ပျောက်ဆုံးနေကြောင်း ယူဆထားသည်။ ‌‌

ဝေဟင်မှ ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ကုန်တင်ယာဥ်တစ်စီး လဲကျနေသည်ကို တွေ့ရသည်။ 

ကယ်ဆယ်ရေးသမားများက ထိုကုန်တင်ယာဥ်မှ ယာဥ်မောင်း၏အလောင်းကို တွေ့ရှိခဲ့ပြီး အသက် (၆၂) နှစ်အရွယ် Joao Pires ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

 

နောက်ထပ် သေဆုံးသူတစ်ဦးမှာ မည်သူဖြစ်ကြောင်း အာဏာပိုင်များက မထုတ်ပြန်သေးဟု ဆိုသည်။ 

မြေပြိုမှုအတွင်း နစ်မြုပ်သွားခဲ့သည့် အခြား ကုန်တင်ယာဥ်တစ်စီးမှ ယာဥ်မောင်းဖြစ်သူကိုမူ ကယ်ဆယ်ရေးသမားများက ကယ်ဆယ်နိုင်ခဲ့ပြီး ၎င်းမှာ ဒဏ်ရာအနည်းငယ်သာရခဲ့သည်။ 

အသက် (၄၃) နှစ်အရွယ် ကုန်တင်ယာဥ်မောင်း Jose Altair Biscaia က ၎င်းပိတ်မိနေခဲ့စဥ် ကိုယ့်ကိုယ်ကိုယ် ဖုန်းဖြင့် ဗီဒီယိုရိုက်ကူးပြီး မှတ်တမ်းတင်ထားခဲ့သည်ဟု ဆိုသည်။

"ကျွန်တော် အသက်ရှင်တယ်ဗျ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရွှံ့နွံတွေထဲရောက်နေပြီး ကုန်တင်ယာဥ်ရဲ့ ထောင့်ကျဥ်းလေးထဲမှာပါ။ ပွန်းပဲ့ဒဏ်ရာတွေ အပြည့်ပဲ။ ဒါပေမဲ့ ကျွန်တော် အသက်ရှင်တယ်" ဟု Jose က ဗီဒီယိုတွင် ပြောနေသည်ကို ကြားရသည်။ 

နိုဝင်ဘာလ (၂၈) ရက်နေ့က အမြန်လမ်းမပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ (၃၀) ရက်နေ့အထိ လူ (၂) ဦး သေဆုံးပြီး (၆) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူ (၃၀) ဦးရှိကြောင်း သိရသည်။

ပါရာနာပြည်နယ်တွင် ရက်နှင့်ချီကြာ မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ရွှံ့နွံပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ဘရာဇီးတွင် မြေပြိုမှုများ ဖြစ်လေ့ဖြစ်ထရှိပြီး တောင်စောင်းများတွင် နေထိုင်သူများမှာ တောင်စောင်းတစ်လျှောက် မြေပြိုကျမှုများအတွင်း မကြာခဏ ပါသွားလေ့ရှိသည်။ 

ဖေဖေါ်ဝါရီလအတွင်းကလည်း Rio ပြည်နယ် Petropolis မြို့တွင် မြေပြိုမှုများအတွင်း လူ (၂၀၀) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

Source: AP, Sky News

Photo: Sky News, SCREENGRAB/EURONEWS,