ဦးနှောက်သေသွားသည့် လူ (၂) ဦးတွင် ဝက်နှလုံးများဖြင့် အောင်မြင်စွာ အစားထိုးနိုင်ခဲ့

   New York   ရှိ NYU Langone Health တွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က  ဝက်နှလုံးဖြင့် အစားထိုးကုသနေစဉ်။ Photo: Joe Carrotta for NYU Langone Health
New York ရှိ NYU Langone Health တွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဝက်နှလုံးဖြင့် အစားထိုးကုသနေစဉ်။ Photo: Joe Carrotta for NYU Langone Health
ဦးနှောက်သေသွားသည့် လူ (၂) ဦးတွင် ဝက်နှလုံးများဖြင့် အောင်မြင်စွာ အစားထိုးနိုင်ခဲ့
ဇူလိုင် 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံ နယူးယော့ခ်တက္ကသိုလ် New York University (NYU) မှ ခွဲစိတ်ဆရာဝန်များက ဦးနှောက်သေသွားသည့် လူ (၂) ဦးတွင် မျိုးဗီဇပြုပြင်ထားသော ဝက်နှလုံးများဖြင့် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ကြောင်း သုတေသီတွေက ဇူလိုင်လ (၁၂) ရက်နေ့၌ ပြောသည်။ 

ယခုအောင်မြင်မှုက အစားထိုးကုသရာတွင် လူသား ကိုယ်တွင်းအင်္ဂါများ ပြတ်လပ်မှုကို ဖြေရှင်းရန် ဝက်၏ကိုယ်တွင်းအင်္ဂါများကို အသုံးပြုရေး ရေရှည်ရည်မှန်းချက်သို့ ခြေတစ်လှမ်း ပိုမိုနီးကပ်လာမှုဟု ဆိုသည်။

ဇွန်လနှင့် ဇူလိုင်လအတွင်း (၃) ရက်ကြာ စမ်းသပ်မှုများအတွင်း အစားထိုးလိုက်သည့် ဝက်နှလုံးများ ပုံမှန်အလုပ်လုပ်ပြီး လူ့ခန္ဓာကိုယ်က လက်မခံမှုလက္ခဏာများ မရှိခဲ့ကြောင်း သုတေသီတွေက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

မတ်လအတွင်းက မေရီလန်းတက္ကသိုလ် University of Maryland တွင် ပြုလုပ်ခဲ့သည့် သမိုင်းမှတ်တမ်းဝင် ဝက်နှလုံးဖြင့် အစားထိုးကုသမှုခံယူခဲ့သူ အသက် (၅၇)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ (၂) လအကြာတွင် သေဆုံးသွားခဲ့ပြီးနောက် ယခုစမ်းသပ်မှုများကို သုတေသီတွေက လုပ်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။

NYU က ဝက်နှလုံးများကို Revivicor Inc ၏ အစီအစဥ်ဖြင့် ထုတ်ယူခဲ့ပြီးနောက် ဗိုင်းရပ်စ်စစ်ဆေးခဲ့ကြောင်း သုတေသီတွေက ပြောသည်။ 

ထိုနှလုံးများတွင် ဝက်ဗိုင်းရပ်စ်ဟု ခေါ်ဆိုကြသည့် porcine cytomegalovirus လက္ခဏာ မတွေ့ရဟု ဆိုသည်။ 

မတ်လအတွင်း ဝက်နှလုံးဖြင့် အစားထိုးကုသခဲ့ပြီးနောက် သေဆုံးသွားသည့် အမျိုးသား၏ သွေးအတွင်း porcine cytomegalovirus စစ်ဆေးတွေ့ရှိရကြောင်းနှင့် ၎င်းသေဆုံးမှုမှာ ထိုဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။

လူ့ခန္ဓာကိုယ်က လက်မခံမှုနှင့် ပုံမှန်မဟုတ်သော ကိုယ်တွင်းအင်္ဂါကြီးထွားမှုကို တားဆီးရန် ဝက်များကို မျိုးဗီဇပြုပြင်မှု (၄) ခုနှင့် ဝက်များနှင့် လူသားများကြား သဟဇာတမဖြစ်မှုကို တာဆီးရန် မျိုးဗီဇပြုပြင်မှု (၆) ခု လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ 

နှလုံးရယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အစားထိုးခွဲစိတ်ခြင်းနှင့် ကိုယ်ခံစွမ်းအားလျှော့ချခြင်းတို့ အားလုံးကို ပုံမှန်လူ့နှလုံးအစားထိုးမှု နည်းလမ်းအတိုင်း လုပ်ဆောင်ခဲ့ကြောင်း သုတေသီတွေက ပြောသည်။

NYU သုတေသီများ၏ (၇၂) နာရီကြာ စမ်းသပ်မှုများက ပဏာမ အချက်အလက်များကို ရရှိခဲ့ပြီး လူခန္ဓာကိုယ်တွင် ဝက်နှလုံး အစားထိုးမှု လက်တွေ့စမ်းသပ်မှုများ မစတင်မီ မေးခွန်းအများအပြား ကျန်ရှိနေကြောင်း NYU Langone ဆေးရုံမှ နှလုံးအစားထိုးမှုဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ Nader Moazami က ပြောသည်။

 ၂၀၂၁ ခုနှစ်အတွင်းကလည်း NYU သုတေသီတွေက ဦးနှောက်သေသွားသည့် လူ(၂) ဦးကို ဝက်ကျောက်ကပ်များဖြင့် အစားထိုးခဲ့ကြောင်း သိရသည်။

Source: Reuters