ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် တရားမဝင် မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းမိ

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်နယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းတွင် တရားမဝင် မြန်မာနိုင်ငံသား ၂၀ ဦး ဖမ်းမိ
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ဒေသတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက်အစောပိုင်းက တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသား (၂၀) ဦးကို  ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့က ဖမ်းမိသွားကြောင်း သိရသည်။

 မြန်မာနိုင်ငံသား အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၁၄) ဦးပါဝင်သည့်အဖွဲ့သည် ၎င်းတို့အား ချင်းမိုင်နှင့် ဘန်ကောက်သို့ ခေါ်ဆောင်ပေးသွားမည့် ကားများစောင့်ဆိုင်းနေရာသို့ ယနေ့ နံနက် (၃)နာရီ (၄၅) မိနစ်အချိန်က လမ်းလျှောက်သွားကြစဉ် ဖမ်းမိသွားခြင်းဖြစ်ပြီး အနီးဝန်းကျင်တွင် အဆိုပါအဖွဲ့အား ခေါ်ဆောင်ပေးသွားရန် စောင့်ဆိုင်းနေသည့် ထိုင်းနိုင်ငံသား (၄) ဦးကို ကား (၃)စီးကိုလည်း ဖမ်းမိကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် အထောက်အထားမရှိကြဘဲ ချင်းမိုင်နှင့် ဘန်ကောက်တွင် အလုပ်ရှာဖွေရန် ဝင်လာကြသူများဖြစ်ကြကြောင်း စစ်ဆေးတွေ့ရပြီး လက်ရှိတွင် COVID 19 စစ်ဆေးပေးထားကြောင်း သိရသည်။

မြန်မာနှင့် နယ်စပ်တလျှောက်တွင် မူးယစ်ဆေးသယ်သူများနှင့် တရားမဝင် ဝင်လာသူများအား တားဆီးရန် ထိုင်းနယ်စပ်ကင်းလှည့်ခြင်းအား လုပ်ဆောင်နေသည့်ကြားမှ အာဏာသိမ်းခံရပြီး စီးပွားပျက်နေသည့် မြန်မာနိုင်ငံတွင်းမှ ထိုင်းဘက်သို့ အလုပ်ရှာဖွေရန် ဝင်လာသူနေ့စဉ် အများအပြားရှိနေခြင်းဖြစ်သည်။

Source: Bangkok Post