မြေအောက်ဂူထဲတွင် ရက်ပေါင်း (၅၀၀)ကြာ တစ်ဦးတည်း ဂူအောင်းနေထိုင်ခဲ့သည့် စပိန်အမျိုးသမီး ဂူမှ ပြန်ထွက်လာ

မြေအောက်ဂူထဲတွင် ရက်ပေါင်း (၅၀၀)ကြာ တစ်ဦးတည်း ဂူအောင်းနေထိုင်ခဲ့သည့် စပိန်အမျိုးသမီး ဂူမှ ပြန်ထွက်လာ
By Mr John

လူမှုအသိုင်းအဝိုင်းနှင့် အဆက်အသွယ်ဖြတ်ပြီး တစ်ဦးတည်း သီးခြားနေထိုင်ခြင်း၏ လူသားခန္ဓာကိုယ်အပေါ် သက်ရောက်မှုများကို စမ်းသပ်ချက်အဖြစ် အသက် (၅၀) နှစ်အရွယ် စပိန်အမျိုးသမီး တောင်တက်သမားတစ်ဦးက မြေအောက်ဂူတစ်ခုတွင် ရက်ပေါင်း (၅၀၀) ကြာ တစ်ဦးတည်း နေထိုင်ခဲ့ပြီးနောက် ဧပြီလ (၁၄) ရက်နေ့တွင် ဂူထဲမှ ပြန်တက်လာခဲ့ကြောင်း သိရသည်။

အမည်းရောင်မျက်မှန် တပ်ထားသည့်  Beatriz Flamini က စပိန်တောင်ပိုင်း Motril မြို့အနီးရှိ မြေအောက်ဂူထဲမှ ပြန်ထွက်လာပြီးနောက် စုရုံးစောင့်ဆိုင်းနေကြသည့် မိသားစုဝင်များကို ပြုံးရွှင်ပြီး ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။ 

"ကျွန်မတစ်နှစ်ခွဲကြာ ဘယ်သူနဲ့မှ စကားမပြောခဲ့ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ပြောခဲ့တယ်" ဟု သူမက ဆိုသည်။ 

မြေအောက်ဂူထဲတွင် တစ်ဦးတည်း ရက်ပေါင်း (၅၀၀) ကြာ နေထိုင်ခဲ့သည့် အတွေ့အကြုံမှာ ထူးကဲပြီး နှိုင်းယှဥ်ပြစရာမရှိဟုလည်း Flamini က သတင်းထောက်များကို ပြောသည်။

အတွေ့အကြုံရှိ တောင်တက်သမားနှင့် တစ်ကိုယ်တော် တောင်တက်သူလည်းဖြစ်သည့် Flamini မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ပွဲ မစတင်မီနှင့် ကမ္ဘာတဝန်း COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှု ပြင်းထန်နေဆဲအချိန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် မြေအောက်ဂူအတွင်း တစ်ဦးတည်းနေထိုင်မှု စတင်ခဲ့ကြောင်း သိရသည်။

သူမက အရေးပေါ် အကူအညီလိုအပ်လာပါက ဆက်သွယ်ရန် တပ်ဆင်ထားသော အင်တာနက်စနစ် ချို့ယွင်းသွားခဲ့စဥ် ဂူထဲမှ တစ်ပတ်ကြာ ပြန်ထွက်ခဲ့ရမှုကလွဲပြီး ပေ (၂၃၀) အနက်ရှိသည့် မြေအောက်ဂူထဲတွင်သာ နေထိုင်ခဲ့ခြင်း ဖြစ်သည်။ 

"ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ အတွက်တော့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက် ဖြစ်နေဆဲပဲ" ဟု Flamini က ဂူထဲမှပြန်ထွက်လာပြီးနောက် သတင်းထောက်များကို ပြောခဲ့သည်။

Flamini က မြေအောက်ဂူထဲတွင် တစ်ဦးတည်း နေထိုင်စဥ်အတွင်း စာဖတ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနှင့် သိုးမွေး ဦးထုပ်များထိုးခြင်းတို့ဖြင့် အချိန်ကုန်လေ့ရှိသည်ဟု ဆိုသည်။ 

သူမကို နည်းပညာအဖွဲ့တစ်ဖွဲ့က စောင့်ကြည့်ခဲ့ပြီး ထိုအဖွဲ့က သူမနှင့် ဆက်သွယ်မှုမရှိဘဲ စားနပ်ရိက္ခာများကို ဂူအတွင်း သတ်မှတ်နေရာတွင် ထားရှိပေးခဲ့သည်။ 

Flamini ၏ အတွေ့အကြုံကို မှတ်တမ်းတင်ရန် ကင်မရာ (၂) လုံးဖြင့် တပ်ဆင်ထားခဲ့ပြီး စပိန်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Dokumalia က မှတ်တမ်းရုပ်ရှင်အဖြစ် ထုတ်လုပ်သွားမည်ဟု သိရသည်။

Source: CNN, AFP

Photo: AFP/Jorge Guerrero, Dokumalia Producciones/Handout/Reuters, Jorge Guerrero/AFP/Getty Images,