ဘာလင်မြို့ရှိ ဆလင်ဒါပုံစံ ငါးပြတိုက်ကြီး ပေါက်ကွဲထွက်ပြီး ငါးအကောင်ရေ (၁,၅၀၀) လမ်းမပေါ်ရောက်ရှိကာ သေဆုံး

ဘာလင်မြို့ရှိ ဆလင်ဒါပုံစံ ငါးပြတိုက်ကြီး ပေါက်ကွဲထွက်ပြီး ငါးအကောင်ရေ (၁,၅၀၀) လမ်းမပေါ်ရောက်ရှိကာ သေဆုံး
ဒီဇင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် အလွန်ကြီးမားသည့် ငါးပြတိုက်ကြီးတစ်ခု ဒီဇင်ဘာလ (၁၆) ရက် နံနက်အစောပိုင်းက ပေါက်ကွဲထွက်ခဲ့ရာ ရေဂါလံပေါင်း (၂၆၄,၁၇၂) ဂါလံ (လီတာ ၁ သန်း) လျှံထွက်လာခဲ့ပြီး ငါးအကောင်ရေ (၁,၅၀၀) ခန့်နှင့် အပျက်အစီးများသည် အသွားအလာများပြားသည့် Mitte ခရိုင်ရှိ အဓိက လမ်းမကြီးတစ်ခုပေါ်သို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ 

အရေးပေါ်ဝန်ထမ်း (၁၀၀) ခန့်က အခင်းဖြစ်နေရာသို့ အပြေးအလွှား လာရောက်ခဲ့ကြရသည်။

ထိုနေရာမှာ အပန်းဖြေနေရာတစ်ခုဖြစ်ပြီး Radisson ဟိုတယ်နှင့် ပြတိုက်တစ်ခုအပြင် (၄၆) ပေမြင့်သည့် ကမ္ဘာ့အကြီးဆုံး AquaDom & SEA LIFE Berlin ဆလင်ဒါပုံစံ ငါးပြတိုက်ကြီးလည်းရှိကြောင်း သိရသည်။ 

"ငလျင်လှုပ်သလို ခံစားခဲ့ရတယ်" ဟု Radisson ဟိုတယ်တွင် တည်းခိုနေလျက်ရှိသည့် Naz Masraff က ပြောသည်။

"ငါးပြတိုက်တစ်ခုလုံးက ပွင့်ထွက်သွားခဲ့ပြီး လုံးဝ ပျက်စီးသွားခဲ့တယ်။ ငါးအသေတွေနဲ့ အပျက်အစီး အပိုင်းအစတွေ အများကြီးပဲ" ဟု ဟိုတယ်တွင် တည်းခိုနေသည့် နောက်ထပ် ဧည့်သည်တစ်ဦးဖြစ်သူ Sandra Weeser က ဆိုသည်။ 

ငါးပြတိုက်မှ ငါးအကောင်ရေ (၁,၅၀၀) သေဆုံးခဲ့ကြောင်း အဆိုပါ ငါးပြတိုက်ရှိရာ အဆောက်အအုံကို ပိုင်ဆိုင်သည့် Union Investment ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ငါးပြတိုက်ကြီး ပေါက်ကွဲထွက်ရသည့် အကြောင်းရင်းကို အတိအကျ မသိနိုင်သေးကြောင်း မီးသတ်ဌာန၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက Reuters သတင်းဌာနကို ပြောခဲ့သည်။ 

အလွန်စောနေသေးသည့် နံနက်ပိုင်းအချိန်တွင် ငါးပြတိုက် ပေါက်ကွဲထွက်မှု ဖြစ်ပွားခဲ့ခြင်းမှာ ကံကောင်းကြောင်းနှင့် ထိုငါးပြတိုက်ရှေ့မှ ဖြတ်သွားဖြတ်လာများ မရှိသလောက်ဖြစ်ခဲ့ကြောင်း ဘာလင်မြို့တော်ဝန် Franziska Giffey က ဆိုသည်။

"မနက် (၅) နာရီ (၄၅) မိနစ်မှာသာ ဒီဖြစ်ရပ်မဖြစ်ခဲ့ဘဲ နောက်တစ်နာရီလောက်ပဲ နောက်ကျပြီး ဖြစ်ခဲ့မယ်ဆိုရင် လူသေဆုံးမှုတွေ ဖြစ်နိုင်တယ်" ဟု RBB သတင်းဌာနက မြို့တော်ဝန် Giffey ၏ ပြောကြားမှုကို ကိုးကားဖော်ပြသည်။ 

ငါးပြတိုက်ပေါက်ကွဲထွက်မှု ဖြစ်ရပ်ကြောင့် ဟိုတယ်ဝန်ထမ်းတစ်ဦး အပါအဝင် လူ (၂) ဦး မှန်ကွဲရှပြီး ဒဏ်ရာရခဲ့ပြီး အရေးပေါ်ဌာနက Radisson ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည် (၃၅၀) ခန့်ကို အဆောက်အအုံ ပျက်စီးမှုဖြစ်နိုင်ကြောင်း စိုးရိမ်မှုကြောင့် ဟိုတယ်မှ ထွက်ခွာစေခဲ့သည်။

ယခု ပေါက်ကွဲထွက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး ဆလင်ဒါပုံစံ ငါးပြတိုက်ကြီးကို ၂၀၂၀ ခုနှစ်တွင် ပြင်ဆင်မွမ်းမံခဲ့ကြောင်း DomAquaree complex ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ပြင်ဆင်မွမ်းမံမှု လုပ်ဆောင်နေစဥ်အတွင်း ငါးပြတိုက်ရှိ ရေများကို ရေသယ်ယာဥ်များမှ စုပ်ယူထားခဲ့ပြီး ငါများကို အဆောက်အအုံ မြေအောက်ထပ်ရှိ ငါးကန်များသို့ ရွှေ့ပြောင်းထားခဲ့ကြောင်း သိရသည်။

Source: Reuters

Photo:  REUTERS/Michele Tantussi,